အီရန်ဟာ နောက်ထပ်ပစ်မှတ်လား

(ဆောင်းပါးကဏ္ဍ) ဇန်နဝါရီ ၁၅
နေဇင်လတ်

       ၁၃ နှစ်ကြာစစ်ကို ထိန်းထားခဲ့တဲ့ အာဆတ်ဟာ “ပါဝါလေဟာနယ်” တစ်ခုကြောင့် ၁၂ ရက်အတွင်း ကျဆုံးသွားခဲ့ရတယ်။ အဲ့ဒီ လေဟာနယ်ကတော့ အီရန်နဲ့ ရုရှားက ဆီးရီးယားကို ပြည့် ပြည့်ဝဝ မကူနိုင်တော့တဲ့ အခြေအနေပါပဲ။ WTO အကြမ်းဖက်အတိုက်ခံရပြီးနောက်ပိုင်း အမေရိကန်ရေးဆွဲထားတဲ့ မဟာဗျူဟာမှာ နိုင်ငံခုနစ်ခုပါဝင်ခဲ့ပြီး နောက်ဆုံးအီရန်နဲ့ဇာတ်လမ်းပိတ်ဖို့ဖြစ်ကြောင်းကို အမေရိကန်CIAဟောင်းက ထုတ်ဖော်ခဲ့တယ်။ ဆဋ္ဌမနိုင်ငံက ဆီးရီးယားဖြစ်ပြီး သတ္တမနိုင်ငံက အီရန်ဖြစ်ပါတယ်။ ဆီးရီးယားမှာ အာဆတ်အစိုးရ ပြုတ်ကျသွားပြီး သူပုန်အဖွဲ့ပေါင်း ၆ဝ ထဲက တူရကီ နောက်ခံ HTS က လောလောဆယ် အစိုးရဖြစ်လာတယ်။ HTS ကိုလဲ ကျန်တဲ့သူပုန်တွေက ဝိုင်းပြီးတိုက်ခိုက်ကြဦးမှာဖြစ်လို့ ဆီးရီးယားပြည်တွင်းစစ် သံသရာက ဆုံးတော့မှာမဟုတ်ပါဘူး။

       ဒီပွဲမှာ အမေရိကန်က ဦးဆောင်သွားတာမဟုတ်ဘဲ သူ့မဟာဗျူဟာက ကံအားလျော်စွာ အဖြည့်ဆည်းခံလိုက်ရတာဖြစ်တယ်လို့ပြောရလေမလားပါပဲ။ တူရကီက အဓိကဦးဆောင်သွားတာပါ။ ဒမားစကပ်ကို တူရကီထောက်ပံ့ထားတဲ့ HTS တွေက သိမ်းလိုက်နိုင်တာပါ။ တောမီး လောင်သွားခဲ့တာမို့ တောကြောင်တွေ လက်ခမောင်း ခတ်ကြပါတော့တယ်။ အစ္စရေးက ချက် ချင်းရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံပဲ Buffer Zone ကို အများကြီးချဲ့လိုက်တယ်။ နောက်တစ်ကြိမ် ဆီးရီးယားခေါင်း မထောင်လာနိုင်အောင် ဆီးရီးယားရဲ့ လေတပ်၊ ရေတပ်၊ ကြည်းတပ်တွေ အားလုံးကို လေကြောင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်ဖျက်ဆီးလိုက်တာမှာ ရက်ပိုင်းအတွင်း ရာခိုင်နှုန်း ၉ဝ ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။

ထရမ့် ဘာပြောလိုက်ပါသလဲ

       အမေရိကန်သမ္မတအဆက်ဆက်က အီရန်အပေါ် အမြင်မကြည်လင်ခဲ့ပါဘူး။ တတ်နိုင်သမျှအရေးယူပိတ်ဆို့မှုကို ပြင်းပြင်းထန်ထန်လုပ်လေ့ရှိတယ်။ Obama လက်ထက်မှာ နျူဆိုင်ရာ သဘောတူစာချုပ်ကို တစ်ထစ်လျော့ပြီး သံတမန်ရေးရာဘက်ကို ဦးစားပေးလိုက်တဲ့အချိန်မှာ အီရန်ရဲ့နျူဗုံး ပိုင်ဆိုင်ရေးက တိုးတက်လာပါတော့တယ်။ ထရမ့်ရဲ့ ပထမသက်တမ်းမှာ အီရန်ကို စစ်ရေးအရဆောင်ရွက်ခွင့်မရခဲ့သလို ဘိုင်ဒင့်လက်ထက်မှာလဲ အီရန်ကို တိုက်ရိုက်စစ်ရေးဆောင်ရွက်ဖို့ တွန့်ဆုတ်နေခဲ့တယ်။“အစ္စရေး-အီရန်” စစ်မှာတောင် ကျယ်ပြန့်သွားမှာစိုးလို့ တစ်ဖက် တစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ပြီး ရပ်တန့်သွားအောင် အတော်လုပ်ကိုင်ခဲ့ရတာ တွေ့ရတယ်။

       ဘိုင်ဒင် အိမ်ဖြူတော်က မဆင်းခင်မှာ တူရကီတောင်းဆိုမှုကြောင့် ဆီးရီးယားအစိုးရပြုတ်ကျသွားပါတယ်။ ဆီးရီးယား ပြုတ်ကျသွားတာဟာ အီရန်အားနည်းသွားပြီး ခြိမ်းခြောက်ခံဘဝကိုရောက်သွားရတဲ့ သဘောပါပဲ။ ရုရှားကိုလဲ ဆီးရီးယားအတွက် မကူနိုင်မကယ်နိုင်ဖြစ်အောင် ယူကရိမ်းစစ်မှာ အလုပ်ပေးထားသလို အီရန်ကို ပြည့်ပြည့်ဝဝ မကူနိုင်အောင် ဟဇ်ဘိုလာတွေကိုအစ္စရေးက ဖိထားတာ တွေ့ရတယ်။ ဆီးရီးယားစစ်မှာတူရကီ နောက်ခံ HTS တွေက အာဏာ သိမ်းလိုက်တယ်ဆိုပေမယ့် နိုဝင်ဘာ ၂၇ မှာ အစ္စရေး- ဟဇ်ဘိုလာအပစ်ရပ်ပြီး တစ်ရက်တည်းမှာ ဆီးရီးယားတော်လှန်ရေး အုံနဲ့ကျင်းနဲ့ထဖြစ်တာက တူရကီနဲ့ အစ္စရေးနောက်ကွယ်မှာ မညိုထားစရာမရှိဘူးလို့ ယူဆဖွယ်ရာဖြစ်ပါတယ်။

       ၂၀- ၁- ၂၅ မှာ ကျမ်းကျိန်ပြီး သမ္မတဖြစ်လာတော့မယ့် ထရမ့်ဟာ အရေးကြီးတဲ့ အစိုးရအဖွဲ့ဝင်တွေကို ရွေးပြီးခဲ့ပါပြီ။ ယူကရိမ်းစစ်ကို ရက် ၉ဝ အတွင်း ရပ်စဲနိုင်အောင် ပြင်သစ်နဲ့ ညှိနှိုင်းနေတာတွေ့ရတယ်။ အမေရိကန်မူဝါဒအပြောင်းအလဲကို ထင်ဟပ်စေမဲ့ Executive Order ၂၅ ခုကိုလဲ ပထမနေ့မှာ ထုတ်ပြန်မယ်လို့ ပြောထားတဲ့အတွက် အားလုံးက စိတ်ဝင်စားနေကြတယ်။

      အဲ့ဒီကြားထဲမှာ ထရမ့်ပြောလိုက်တဲ့စကားတစ်ခွန်းက ထိတ်ထိတ်ပျာပျာ ဖြစ်စရာ ဖြစ်လာပါတော့တယ်။ “အီရန်ကို နျူပိုင်ဆိုင်ခွင့်မပေးနိုင်ဘူး။ လက်ဦးမှုရယူပြီး သူထောက်ပံ့ ပစ္စည်းနေရာတွေကို ပြင်းပြင်း ထန်ထန်တိုက်ခိုက်ဖျက်ဆီးပစ်ဖို့ စဉ်းစားချိန်ဆနေတယ်” အီရန်ကို နျူမပိုင်စေချင်တာက အမေရိကန်တင်မဟုတ်ပါဘူး။ အနောက်ဥရောပနိုင်ငံတွေကလဲ မပိုင်ဆိုင်စေချင်သလို အစ္စရေးကလဲ မပိုင်ဆိုင်စေချင်ပါ။ နိုင်ငံဧရိယာသိပ်သေးငယ်လွန်းလှတဲ့ အစ္စရေးဟာ အီရန်နျူပိုင်ဆိုင်မှာကို အလွန်စိုးရိမ်နေပါတယ်။ တရားဝင်မကြေညာထားပေမယ့် အစ္စရေးဟာ နျူပိုင်ဆိုင်ထားတဲ့ နိုင်ငံတော့ ဖြစ်နေပါပြီ။

အီရန်ကိုအမေရိကန်ကတိုက်ရိုက်စစ်ပြုမှာလား

       အီရန်ကို အမေရိကန်က တိုက်ရိုက်စစ်ပြုမှာတော့ မဟုတ်ပါဘူး။ အရှေ့အလယ်ပိုင်းနိုင်ငံတွေက အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီးအများစုက ရေနံထွက်နိုင်ငံတွေဖြစ်ကြတယ်။ ခရစ်ယာန်နဲ့ အစ္စလာမ်တွေက ရှည်လျားတဲ့ ဘာသာရေး Crusade War တွေဖြစ်ခဲ့ကြဖူးတယ်။ သေကျေ ပျက်စီးမှုကြီးမားပြီး နှစ် “ရာ” ချီကြာခဲ့တဲ့ ရာဇဝင်ကြီးရှိခဲ့ဖူးသူတွေပါ။ လူဦးရေအလျင်အမြန်ပေါက်ဖွားမှုနှုန်းမြန်တဲ့အတွက် များမကြာမီမှာ ခရစ်ယာန်လူဦးရေကို အစ္စလာမ်ဘာသာဝင် လူဦး ရေက ကျော်လွန်ဖို့ရှိနေပါတယ်။ ဒါကို ခရစ်ယာန်တွေက လက်မခံချင်ပါဘူး။ ဒါက အကြောင်းတစ်ချက်ဖြစ်တဲ့အပြင် အရှေ့အလယ်ပိုင်းမှာ ရေနံအကြီးအကျယ်ထွက်ရှိတာကလဲ နောက်ထပ်
အကြောင်းရင်းကြီးတစ်ခုဖြစ်လာခဲ့ပြန်ပါတယ်။ ၁၉၆၀ – ၇၀ ကာလတွေမှာတုန်းက ရေနံကရတဲ့ငွေကို အလဟဿဖြစ်အောင် အမေရိကန်က နည်းအမျိုးမျိုးနဲ့ဆောင်ရွက်နိုင်ပေမဲ့ ဒီနေ့မှာတော့ အဲ့ဒီနိုင်ငံတွေမှာ ပညာတတ်တွေရှိလာပြီဖြစ်လို့ အင်အားပြန်လည်တည်ဆောက်လာနိုင်တာကလဲ အနောက်အုပ်စုအတွက် တတိယအချက်တစ်ချက် ဖြစ်လာပါတယ်။

      ဒါကြောင့် အရှေ့အလယ်ပိုင်း ဒေသကြီးတစ်ခုလုံးကို ထိန်းချုပ်ဖို့ အစ္စရေးနိုင်ငံကိုမဖြစ် ဖြစ်အောင်တည်ထောင်စေခဲ့တာလို့ပြောရင် မမှားပါဘူး။ အစ္စလာမ်နိုင်ငံတွေကြားမှာ ဂျူးတွေဟာ ရင်ထဲမှာ အကြီးကြီးစူးဝင်နေတဲ့ စူးကြီးတစ်ချောင်းဖြစ်နေလို့ အရှေ့အလယ်ပိုင်းကြီးတစ်ခုလုံးကလဲ မကျေနပ်ကြပါ။ အထူးသဖြင့် အီရန်နဲ့ အစ္စရေးက“ဓမ္မာ-သောက” တွေဖြစ်ပါတယ်။ အစ္စရေးကလဲ အီရန်အဏုမြူမပိုင်စေရဘူးလို့ဆိုထားပြီး အီရန်ကလဲ အစ္စရေးကို ကမ္ဘာ့မြေပုံပေါ်မှာ မရှိသင့်တော့ဘူး၊ မြေပုံပေါ်က ဖျောက်ပစ်မယ်လို့မကြာခဏကြိမ်းဝါးခဲ့တာ တွေ့ရတယ်။ အခြေအနေ အချိန်အခါအခွင့်အလမ်းကိုတော့ နှစ်ဖက်လုံးက စောင့်စားနေကြသူတွေဖြစ်ပါတယ်။

       ပြောရရင်တော့ အစ္စရေးဟာ အရှေ့အလယ်ပိုင်းကို ထိန်းထားနိုင်အောင်လို့ရှိထားစေတဲ့အမေရိကန်ရဲ့ Proxy ဖြစ်တယ်။ နိုင်ငံပျောက်နေတဲ့ အစ္စရေးကလည်း အမေရိကန်ရဲ့ Proxy ဖြစ်နေမှန်းသိပေမယ့် နိုင်ငံဖြစ်တည်လာနိုင်တဲ့အတွက်ပျော်ပျော်ကြီး Proxy အဖြစ်ခံထားသူပါ။ ဖြစ်တည်မှုကို အရင်ရအောင်ယူပြီး အခွင့်အရေးရရင်နိုင်ငံကိုချဲ့ထွင်ဖို့ အစ္စရေးက အမြဲကြံဆနေသူပါ။ ဂါဇာမှာ ဟားမက်တွေကို နှိမ်နင်းရင်း အစ္စရေးက နယ်မြေချဲ့လာတာ ဂါဇာကိုထိန်းချုပ်ပြီးသားဖြစ်သွားခဲ့ပြီ။ ဒီနေ့ ဆီးရီးယားမှာ အာဆတ် ထွက် ပြေးလိုက်ရတော့လဲ Buffer Zone ဖြစ်တဲ့ ဂိုလန်တောင်ကုန်းကို ဆီးရီးယားနယ်မြေထဲ အများကြီး
တိုးချဲ့လိုက်နိုင်ခဲ့ပြန်ပါတယ်။

       ဆီးရီးယားကျဆုံးသွားတော့ အစ္စရေး အမြတ်ထွက်သွားသလို အမေရိကန်က အီရန်ကိုစစ်တိုက်ချင်ပြန်တော့ ပျော်ရွှင်မယ့်သူက အစ္စရေး ဖြစ်လာရပြန်ပါတယ်။ အီရန်ကို အမေရိကန်က တိုက်ရိုက် စစ်ပြုမှာ မဟုတ်ပါဘူး။အစ္စရေးကို ကြားခံပြီးသာ စစ်တိုက်မှာပါ။ အီရန် အင်အားချည့်နဲ့သွားဖို့တတ်နိုင်ရင် အီရန်ကို ဆီးရီးယားလိုဖြစ်သွားစေနိုင်ခဲ့ရင် အမေရိကန်ရော၊ အစ္စရေးရော အလွန်ကျေနပ်ကြမှာ ဖြစ်ပါတယ်။ အစ္စရေးအတွက် ပိုပြီး ဆန္ဒပြည့်ဝစေမှာဖြစ်ပါ
တယ်။

       ထရမ့်ထုတ်ပြောတဲ့စကားထဲမှာတော့ အီရန်နျူလက်နက်မပိုင်စေရအောင် နျူဆက်စပ်နေရာတွေကို “အစ္စရေးနဲ့ ပူးပေါင်းတိုက်ခိုက်မယ်လို့ ဆိုထားတာ တွေ့ရတယ်။ စစ်တိုက်ပြီး နိုင်ငံတည်ထောင်လာတဲ့ အစ္စရေးအတွက် ထန်းလျက်အိုးထဲ ကျသွားမယ့်စကားလို့ ချိုမြိန်သွားပါလိမ့်မယ်။

ကျဆုံးနိုင်ငံမှပြိုကွဲနိုင်ငံသို့

       အရှေ့အလယ်ပိုင်းစစ်မီးကူးစက်လာခဲ့တာမှာ ဆီးရီးယားကို ၂၀၁၁ မှာ လောင်ကျွမ်းခဲ့တယ်။ စုစုပေါင်း ၁၃ နှစ်ကြာခဲ့ပါပြီ။ နောက်ခံကိုယ်စီနဲ့ သူပုန်ပေါင်းစုံရှိတဲ့ ဆီးရီးယားဟာ တဖြည်းဖြည်း Failed State ဆိုတဲ့ ကျဆုံးနိုင်ငံ စတင်ဖြစ်ခဲ့ရာကနေ အခါအခွင့်သင့်သွားလေတော့ ၈-၁၂-၂၄ နေ့မှာ လုံးဝ Col-lapsed State ဆိုတဲ့ ပြိုကွဲနိုင်ငံအဖြစ် လုံးလုံးရောက်ရှိသွားတယ်လို့ဆိုရပါလိမ့်မယ်။

      တူရကီနောက်ခံပေးထားတဲ့ HTSက လော လောဆယ် အာဏာသိမ်းပြီး အစိုးရ ဖြစ်လာတယ်။ အစ္စရေးကနယ်မြေချဲ့ထားတယ်။ အမေရိကန်နောက်ခံပေးထားတဲ့ Kurd တွေကလဲရှိနေသေးတယ်။ ချက်ချင်းကြီးထွားစေဆိုတဲ့ဆေးကိုလဲ အမေရိကန်ကပေးနိုင်လေတော့ ဆီးရီးယားဟာ ပြည်တွင်းစစ်ဖြစ်ရင်းကနေ ဆီးရီးယားဆိုတာပျောက်ကွယ်သွားပြီး နိုင်ငံငယ်သုံးခု ပေါ်လာနိုင်ပါတယ်။
      – တူရကီသြဇာလွှမ်းမဲ့နိုင်ငံ
      – အမေရိကန်သြဇာလွှမ်းမဲ့နိုင်ငံ
      – အစ္စရေးသြဇာလွှမ်းမဲ့နိုင်ငံ

       သြဇာလွှမ်းမဲ့နိုင်ငံတွေ ပေါ်လာနိုင်သလို အစ္စရေးနိုင်ငံထဲ တိုက်ရိုက်ရောက်သွားမဲ့အခြေအနေတွေလဲရှိနေပါတယ်။ လောလော ဆယ် ဂိုလန်တောင်ကုန်းကနေ လျှပ်တစ်ပြက် ချဲ့လိုက်တဲ့ ဆီးရီးယားနယ်မြေကကို လက်ဘနွန်လောက်ရှိနေတာ တွေ့ရတယ်။ အစ္စရေးရဲ့လက်မြန်ခြေမြန်ရှိမှုနဲ့ နယ်မြေချဲ့ထွင်မှုက ဘယ် လောက်အထိ ကြီးမားသလဲဆိုရင် လောလော ဆယ်အစိုးရဖြစ်နေတဲ့ HTS ကတောင် အစ္စရေးကို ကုလ သမဂ္ဂကနေ တားယူရတဲ့ အခြေအနေဖြစ်သွားခဲ့တယ်။ အကြမ်းဖက်တွေလက်ထဲ လက်နက်မရောက် အောင်တားဆီးတဲ့အနေနဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆီးရီးယားရဲ့ကာကွယ်ရေးဆိုင်ရာ ကြည်း/ရေ/လေ အခြေခံအဆောက်အအုံတွေကို အစ္စရေးက ဆက်တိုက်လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။

       HTS ကိုယ်တိုင်က အယ်ကိုင်ဒါနဲ့ ဆက်စပ်နေတဲ့အတွက် ခေါင်းဆောင်ကိုရော၊HTS ကိုပါ အကြမ်းဖက်လို့ သတ်မှတ်ခဲ့တာပါ။လောလော ဆယ် HTS အစိုးရမတည်ငြိမ်သေးတဲ့ ကာလဖြစ်လို့ အစ္စရေးကထင်သလို လေကြောင်းက တိုက်ခိုက်နေတာဟာလဲ အစိုးရဖြစ်နေတဲ့ HTS အားမကောင်းအောင် အစ္စရေးက ကြိုတင်လက်ဦးမှုရယူထားတာပဲ ဖြစ်ပါတယ်။

       ဆီးရီးယားအခြေအနေက အတော့်ကိုရှုပ်ထွေးသွားပြီး မသေချာမရေရာမှုတွေနဲ့ပြည့်နှက်နေပါတယ်။ HTSနဲ့ Kurd တွေကလည်း အပြန်အလှန်တိုက်ခိုက်နေကြတယ်ဆိုတော့ တူရကီနောက်ခံ နဲ့ အမေရိကန်နောက်ခံတို့ရဲ့ အတွင်းကြိတ်ပွဲလို့ပြောရပါ့မယ်။ အစ္စရေးကလဲ အမေရိကန်နောက်ခံဖြစ်ပြီး တူရကီကလဲ အစ္စရေးနဲ့ အဆင်မပြေတဲ့ နိုင်ငံဖြစ်ပြန်လေတော့ မကြာခင်အချိန် ဆီးရီးယားထဲမှာ အချင်း ချင်း အကြီးအကျယ်“ချ”ကြဦးမယ်လို့ တွက်ဆလို့ရနေပါတယ်။

အီရန်ကိုစစ်တိုက်လာရင်ဘာဖြစ်လာမလဲ

       ထရမ့်ကတော့သေချာပေါက် အီရန်ကို စစ်တိုက်ချင်နေပါတယ်။ ထရမ့်အစီအစဉ်ထဲမှာ အနည်းဆုံး ခါမေနီပြုတ်ကျရေးကိုတော့ ထည့်ပြီးဆွဲထားနိုင်ပါတယ်။ အစ္စရေးကို ကြားခံပြီး စစ်ပြုမလား၊ အစ္စရေးနဲ့ တွဲဖက်ပြီး စစ်ပြုမလားကို ထရမ့်က ချိန်ဆနေဟန်ရှိတယ်။ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် အီရန်နဲ့ စစ်ပွဲတစ်ပွဲကို ထရမ့်လက်ထက်မှာ မြင်ရဖို့ ရှိနေပါပြီ။

      အီရန်ဘက် ရှုထောင့်က ကြည့်ရင်ခါမေနီအပြုတ်ခံမလား။ အီရန်လည်းဆီးရီးယားလို အဖြစ်ခံမလား။ ခပ်ပါးပါး နဲ့စစ်က ထရမ့်လက် ထက်မှာ ဖြစ်မှာ မဟုတ် ပါဘူး။ ရလဒ်ကြီးကြီးထွက်တဲ့ စစ်ပဲဖြစ်ပါလိမ့်မယ်။ ဒါက အီရန်ရှူထောင့်ကပါ။ တစ်ခါ ရုရှားဘက် ရှုထောင့်ကကြည့်ရင်လဲ Axis of Resistance ထဲမှာ
ပါနေတဲ့ အီရန်ကို အရေးနိမ့်ခံမလား။ Domino Effectကို ရုရှားက မတွက်မိစရာ မရှိပါဘူး။ ဆီးရီးယားကျသွားလို့ အီရန်ကို မျက်စောင်းထိုးကြတာပါ။အီရန် ကျဆုံးသွားတာနဲ့ နောက်မျက်စောင်းက ရုရှားဘက် ရောက်လာမှာဖြစ်ပါတယ်။ ယူကရိမ်းစစ်မှာလဲ ရုရှားက စစ်ပန်းနေပါပြီ။ နောက်တစ်ပွဲ ဖြန့်ကြက်စစ်ပွဲ (NATနဲ့ဒဲ့တိုက်ခြင်း)ဖြစ်လာရင် ရုရှားလဲ ခံနိုင်တော့မယ်မထင်ပါဘူး။ ဒီအခြေအနေမျိုးကို ရုရှားဘက်က ရှောင်ရှားဖို့ များပါတယ်။ ဒီတော့ အီရန်ကိုရုရှားနဲ့
တရုတ်က Proxy ခံပြီးရင်ဆိုင်ကြရပါလိမ့်မယ်။ အီရန်ကျဆုံးရင် နောက်တစ်ခါ သူတို့ အလှည့်ဆိုတာကို သိထားလို့ အစွမ်းကုန်ထောက်ပံ့ကြပါလိမ့်မယ်။အခန့်မ သင့်ရင် ယူကရိမ်းလို စစ်ကြီးမျိုးအထိ ဖြစ်လာဖွယ်ရာရှိသလို အခြားအစ္စလာမ်နိုင်ငံတွေလဲ အီရန်ဘက်က ပါဝင်လာနိုင်နေပါတယ်။ တူရကီဆိုရင် အီရန်ဘက်က စစ်ဝင်တိုက်မယ်လို့ အာဒိုဂန်က ထုတ်ပြောထားတဲ့အဆင့်ပါ။

       ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားတွေ ရှုထောင့်ကဆိုရင် ဆီးရီးယားကျတာဟာ“ကာကင်း”တစ်ခုကျဆုံးသွားတာဖြစ်ပြီး အီရန်ကျသွားရင် ရန်သူခြံစည်းရိုးနားရောက်သလိုဖြစ်နေပါလိမ့်မယ်။ အစ္စလာမ်မစ် နိုင်ငံတွေဘက်ရှုထောင့်က ကြည့်ရင်တော့ အစ္စလာမ်နိုင်ငံတွေအတွက်လူမိုက်ကြီးလုပ်ပေးနေတဲ့ အီရန်ကိုအကျဆုံးခံလိုက်ရင် ကျန်အစ္စလာမ်မစ်နိုင်ငံတွေကို ကောက်သင်း ကောက်သလိုဖြစ်လာမှာဆိုတဲ့ အတွေးတွေရှိလာကြပါလိမ့်မယ်။

      ယူကရိမ်းစစ်မှာ ရုရှားထီးထီးကိုသာ ပစ်မှတ်ထားခဲ့ပေမဲ့ အီရန်စစ်မှာက နိုင်ငံကိုရော၊ ဘာသာကိုရော ပစ်မှတ်ထားတယ်ဆိုတာ မသိစရာမရှိပါဘူး။ ဒါကြောင့်လဲ ထရမ့်က အီရန်စစ်မှာ ဘယ်လို တိုက်ရမလဲဆိုတာကိုအကြီးအကျယ်ချိန်ဆနေဟန်ရှိပါတယ်။ အမေရိကန် ကိုယ်တိုင်ပါလာရင် စစ်က တစ်မျိုးနဲ့ အီရန် အစ္စရေးခံပြီးတိုက်တဲ့ စစ်ကတစ်မျိုးဆိုပြီး ပုံစံကွဲတော့ဖြစ်လာမှာပါ။ ပစ် မှတ်ဖြစ်လာမှာကတော့ ထရမ့် လက်ထက်မှာ သေချာသလောက် ရှိနေတယ်လို့တော့ သုံးသပ်နိုင်ပါလိမ့်မယ်။

#PAN