“ကန့်ဘလူမြို့နယ်ရှိ လယ်ယာမြေဧက ၁၀၀ ကို စက်မှုလယ်ယာ ဖော်ထုတ်မည်”

(ပြည်တွင်း)ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ယင်းသာကျေးရွာတွင် ဒေသခံတောင်သူများ၏ လယ်ယာမြေ များကို စက်မှုလယ်ယာအဖြစ် ပြောင်းလဲစိုက်ပျိုးနိုင်ရန်အတွက် စနစ်ကျလယ်ယာမြေအဖြစ် ဧက ၁၀၀ ဖော်ထုတ် သွားမှာဖြစ်တာကြောင့် ဇန်နဝါရီလ ၁၆ ရက်မှာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ စက်မှုလယ်ယာများဖော်ထုတ်ရာ၌ ထွန်ယက်စိုက်ပျိုးချိန်မှစပြီး ရိတ်သိမ်းခြွေလှေ့သည်အထိ စက်ကိရိယာများဖြင့် ဆောင်ရွက်ကြရာတွင် စနစ်တကျဖြစ်စေရေးအတွက် လိုအပ်သော မြေအကျယ်အဝန်း တိုင်းတာ ခြင်း၊ ကန်သင်းဖျက်ခြင်း၊ ထယ်ထိုး၊ ထယ်ချခြင်း၊ မြေညှိခြင်း၊ တစ်သီးမှ နှစ်သီး၊သုံးသီး စိုက်ပျိုးနိုင်ရန်အတွက် ရေသွင်း ရေထုတ်စနစ်များ၊ ထွက်ရှိလာသောသီးနှံများကို သယ်ယူရောင်းချနိုင်ရေး၊ ကုန်ထုတ်လမ်းများ စသည်တို့ဖြင့် အဆင့်ဆင့် ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။

 ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စက်မှုလယ်ယာများဖော်ထုတ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများနဲ့ ဖော်ထုတ်သွားမှာဖြစ်ပြီး ဒေသခံတောင်သူများရဲ့ လယ်ယာမြေများကို တစ်ဆက်တည်းဖြစ်အောင် ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်း၊ ကုန်ထုတ်လမ်း၊ ရေသွင်းရေထုတ်မြောင်းများ၊ ရေတံခါး၊ ရေယူအဆောက်အအုံ၊ ထွန်စက်တက်ဆင်းပြုလုပ်ရာလမ်းတို့ကို စက်ယန္တရားကြီးများဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်အပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများအနေဖြင့် စက်မှုလယ်ယာစနစ်တွင် စက်ယန္တရားအသုံးပြု၍ စိုက်ပျိုးနိုင် ပါက လုပ်သားရှားပါးမှုအခက်အခဲကို ကျော်လွှားနိုင်ပြီး အချိန်တိုအတွင်း သီးနှံများကို နှစ်သီးသုံးသီးစိုက်ပျိုးနိုင်မှာ ဖြစ်သလို စနစ်ကျလယ်ယာမြေများသည် ရေထိုင်မြေထိုင်ကောင်းမွန်ကာ သမားရိုးကျလယ်ယာမြေများထက် သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်ခြင်း၊ ဈေးကွက်သို့ပို့ဆောင်ရာမှာလည်း လျင်မြန်လွယ်ကူစေခြင်း စတဲ့ အားသာချက် များ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံတောင်သူများအတွက်နှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရပါတယ်။

#PAN #ကန့်ဘလူ #စက်မှုလယ်ယာ