“စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဂိုးပြတ်ရလဒ်နဲ့အတူ ချန်ပီယံဘွဲ့ ခံယူခဲ့တဲ့ ဘာစီလိုနာအသင်း”

(အားကစား) ဇန်နဝါရီ ၁၃

တနင်္ဂနွေညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ ဘာစီလိုနာအသင်းက ရီးရဲလ်အသင်းကို ၅ ဂိုး ၂ ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး စပိန်စူပါဖလားကို ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်ဟာ စပိန်လိဂ်ရဲ့ အသင်းကြီးနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့် နှစ်ဘက် အသင်းတွေက အကောင်းဆုံးပုံစံတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကြိတ်အနယ်ရှိခဲ့တာ ဖြစ်ပါတယ်။

အခုပွဲစဉ်ရဲ့ အဖွင့်ဂိုးကို အမ်ဘာပေ က ရီးရဲလ်အသင်းအတွက် ပွဲချိန် ၅ မိနစ်မှာကတည်းက သွင်းယူနိုင်ခဲ့ပေမယ့် ဘာစီလိုနာ အသင်းက ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကိုတော့ ပွဲချိန် ၂၂ မိနစ်မှာ ယာမယ်၊ ၃၆ မိနစ်မှာရရှိခဲ့တဲ့ ပင်နယ်တီကို လီဝန်ဒေါစကီး ကန်သွင်းခဲ့ပြီးနောက် ပွဲချိန် ၃၉ မိနစ်မှာ ရာဖင်ညာ နှင့် ပထမပိုင်းပွဲပြီးခါနီ နာကျင်အချိန်ပို ၁၀ မိနစ်မှာ ဘယ်လ်ဒီ ကထပ်မံသွင်းယူပေးပါတယ်။

ဒါကြောင့် ပထမပိုင်းပွဲပြီးဆုံးချိန်မှာ ဘာစီလိုနာအသင်းက ရီးရဲလ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်းက ရီးရဲလ်အသင်းကို ဖိအားပေးကစားထားနိုင်ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာ ဘာစီလိုနာအသင်းက သွင်းဂိုးတစ်ဂိုး ထပ်မံရရှိခဲ့သလို ရီးရဲလ်အသင်းအတွက် ရိုဒရီဂို က ပွဲချိန်မိနစ် ၆၀ မှာ သွင်းဂိုး တစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ ဘာစီလိုနာအသင်းက ရီးရဲလ်အသင်းကို ၅ ဂိုး ၂ ဂိုးဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

အခုဆုဖလားကို ရရှိခဲ့တဲ့ ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားကို စံချိန်တင် ၁၅ ကြိမ်မြောက်အဖြစ် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

#PAN #စူပါဖလား #ဘာစီလိုနာ