(ပြည်တွင်း) ဇန်နဝါရီ ၁၂
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၅ သိန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ခရီးသွားဧည့်သည် ၃ သောင်းဝန်းကျင် ပိုမိုလာရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ သိရပါတယ်။
၂၀၂၃ ခုနှစ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် စုစုပေါင်း ၄၈၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ခရီးသွားဧည့်သည် ၅၁၀,၀၀၀ ကျော် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
ခရီးသွားအများဆုံး လာရောက် ဖူးမြော်ကြတဲ့ စေတီတော်တွေထဲမှာ ရွှေစည်းခုံစေတီတော်ကြီးသို့ အများဆုံးလာရောက်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ခရီးသွားဝင်ရောက်မှု တိုးတက်လာခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လက်ရှိတွင် ပုဂံဒေသ၌ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာပေါင်းလုပ်ငန်းပေါင်း ၉၀ ကို ဖွင့်လှစ်ထားရှိကာ လမ်းပြမည့်ဧည့်လမ်းညွှန်ဦးရေ ၂၇၀ ကျော် မွေးထုတ်ပေးထားပြီး အဆိုပါဧည့်လမ်းညွှန်များကို ဝန်ဆောင်မှုအပိုင်းများ အပါအဝင် သင်တန်း ၃ မျိုးကို ပို့ချပေးထားကြောင်း သိရပါတယ်။
ဒါ့အပြင် ပုဂံဒေသသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအား ဈေးသည်များမှ အလုအယက်ဖြင့် ဈေးရောင်းချမှုများ မရှိစေရန်အတွက်ကိုလည်း အသိပညာဗဟုသုတများပေးထားကြောင်း သိရပါတယ်။
စားသောက် ဆိုင်တန်းများကိုလည်း အဆင့်အတန်းမြင့်မားလာစေရေး၊ သန့်ရှင်းသာယာလှပစေရေးနှင့် ခရီးသွားဧည့်သည်များ အနေနဲ့ အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများ မရှိစေရန်အတွက် အမှိုက်စွန့်ပစ်ရန် အိတ်များပေးဝေခြင်းနှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရေးအတွက် မြို့ဝင်မြို့ထွက်နေရာများတွင် လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း စတာတွေကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။
#PAN #ပုဂံ #ခရီးသွား