“အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ နှင်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၆၅၀ ဖျက်သိမ်း”

(နိုင်ငံတကာ) ဇန်နဝါရီ ၁၁

အမေရိကန်ပြည်ထောင်စု ဒုတိယအကြီးဆုံးပြည်နယ်ဖြစ်သည့် တက္ကဆက်ပြည်နယ်ရှိ လေဆိပ်များတွင် ဇန်နဝါရီလ ၉ ရက်က နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၆၅၀ ခန့် ဖျက်သိမ်းခဲ့ရသည်ဟု ဖလိုက်အဝဲလ်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဓိကလေဆိပ်ကြီးများတွင် ဇန်နဝါရီလ ၉ ရက်က လေကြောင်းခရီးစဉ်ပေါင်း ၁၃,၀၀၀ ကျော် နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ရသည်ဟု ဖလိုက်ဝဲလ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

တက္ကဆက်ပြည်နယ်မှ ကာရိုလိုင်းနားအထိ မိုင်ပေါင်း ၈၀၀ အကွာအဝေးအတွင်း မုန်တိုင်းကြောင့် ဆီးနှင်းများထူထပ်စွာကျဆင်းခြင်း၊ အပူချိန်အလွန်အမင်းကျဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု အမေရိကန်အမျိုးသား မိုးလေဝသဌာနက ပြောကြားခဲ့သည်။

တက္ကဆက်ပြည်နယ် မြောက်ပိုင်းရှိဒေသများတွင် နှင်းမုန်တိုင်းသက်ရောက်မှုကို ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းအထိ ခံစားရမည်ဟု သတိပေးထားသည်။

ဇန်နဝါရီလ ၈ ရက် ညနေပိုင်းအထိ ပြည်နယ်မြောက်ပိုင်းတွင် စာသင်ကျောင်းများ ပိတ်ထားကြောင်းသိရသည်။

မုန်တိုင်းအတွင်း ပြည်နယ်ဓာတ်အားလိုင်းများ ချွတ်ယွင်းမှုမဖြစ်ပေါ်စေရေး မျှော်မှန်းထားသော်လည်း အေးခဲမှုများကြောင့် သစ်ပင်များပြိုလဲကာ ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သည့်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ က ပြောသည်။

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် လွန်ခဲ့သော ၂၀၂၁ ခုနှစ်က ရေခဲမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြည်နယ်၏ မဟာဓာတ်အားလိုင်းပျက်စီးခဲ့ရပြီး လူ ၁၀၀ ကျော်သေဆုံးမှုဖြစ်ပွားခဲ့သည်။

#PAN #အမေရိကန် #တက္ကဆက်ပြည်နယ် #နှင်းမုန်တိုင်း