(ပြည်တွင်း) ဇန်နဝါရီ ၁၁
လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မှုနှင့်ပတ်သက်၍ အကြမ်းဖက် သမားများ၏ ဖျက်ဆီးမှုများ၊ အချို့စက်ရုံများအနေဖြင့် စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓာတ်ငွေ့လို အပ်ချက်မပြည့်မီမှုများကြောင့် အခက်အခဲများရှိတဲ့အပြင် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများရှိနေသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်ရှိသူများလိုက်ပါပြီး ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင် များအား မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာ ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်၍ရနိုင်မည့် ဆိုလာစနစ်ကို အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန် ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်း ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် နိုင်ငံတော်အနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိပြီး မိတ္ထီလာသည် မိုးရွာရက်နည်းသည့်ဒေသဖြစ်လို့ နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်မှ ဆောင်ရွက်သည့် စီမံကိန်းများရှိသလို လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်သည်ဟု နစက ဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။
#PAN #နစက #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #ဆိုလာ #လျှပ်စစ် #မိတ္ထီလာ