(ပြည်တွင်း) ဇန်နဝါရီ ၁၁
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း ၄ မျိုးကို မကြာမီကာလအတွင်း စတင်ဆောင်ရွက်ပေးသွားမယ်လို့ ဇန်နဝါရီလ ၁၀ ရက်က အသိပေးထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါလုပ်ငန်း ၄ မျိုးက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၊ အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်မိသားစုဝင်များအတွက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြန်မာသံရုံး၊ ဗန်ကောက်မြို့မှာ ၆ လတာ တွဲဖက်တာဝန်ထမ်းဆောင်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
မိဘရဲ့အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) နှင့် နိုင်ငံသားကိုယ်ရေးမှတ်တမ်း (ပုံစံနိုင်-၂) မှာ သားသမီး အမည်စာရင်းထည့်သွင်းခြင်း၊ အိမ်ထောင်စုလူဉီးရေစာရင်း (ပုံစံ-၆၆/၆) ရှိပေမယ့် ကိုင်ဆောင်လက်မှတ်မရှိတဲ့ အခွန်ထမ်းအိမ်ထောင်စုဝင်များကို အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် ကိုင်ဆောင်လက်မှတ်များကို ဥပဒေနှင့်အညီ ထုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးသွားမှာဖြစ်ပြီး အသက် ၁၀ နှစ်ပြည့်ကလေးများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်မည့် အခွင့်အရေးကို မိဘပြည့်များအနေဖြင့် လက်လွတ်မခံကြဖို့ နှိုးဆော်ထားပါတယ်။
ဒါ့အပြင်အသက် ၁၀ နှစ်ပြည့်မှတ်ပုံတင်မှ အသက် ၁၈ နှစ်ပြည့်မှတ်ပုံတင်လဲလှယ်ထုတ်ပေးခြင်း၊ အခွန်ထမ်း နိုင်ငံသားများနှင့် မိသားစုဝင်များကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ပျက်စီး/ဟောင်းနွမ်းပါက e-ID စနစ်နဲ့ စစ်ဆေးကာ မိတ္တူထုတ်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် တစ်မျိုးချင်းစီအတွက်လိုအပ်သော စာရွက်စာတမ်း၌ဖြည့်စွက်ရန် ပြင်ဆင်ရမည့် အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟုလည်း မြန်မာသံရုံး၊ ဗန်ကောက်မြို့က အသိပေးခဲ့ပါတယ်။
#PAN #မြန်မာသံရုံး #ဘန်ကောက် #မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း၄မျိုး