(ကျန်းမာရေး)ဇန်နဝါရီ ၁၂
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ဗာဒံစေ့ ကပေးတဲ့ ကျန်းမာရေးအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဗာဒံစေ့က သိပ်ထွေထွေထူးထူးပြောစရာမလိုအောင် လူတိုင်းသိပြီးဖြစ်မှာပါ။ အညိုရောင်ခပ်ဖျော့ဖျော့အဆန်လေး အတွင်းမှာ အဖြူရောင်နှစ်နှစ်လေးနဲ့ ဝါးလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတာအမှန်ပါ။ နို့ထဲစိမ်စားရင်လည်း စားလို့ကောင်းပါတယ်။ ဆိမ့်ဆိမ့်လေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။
ဗာဒံစေ့မှာ ဘာတွေ ပါသလဲ
ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့ ဓာတ်ခွဲစမ်း သပ်ချက်များအရ ၁ဝဝ-ဂရမ်အလေးချိန် ရှိတဲ့ ဗာဒံစေ့ထဲမှာ၊ လူသားတို့ ကျန်းမာရေး ကိုကောင်းကျိုးဖြစ်စေတဲ့ ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာတ် ၂၁.၆၉ ဂရမ်၊ကော်ဓာတ် ဝ.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၁၂.၂ဝဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ ပရိုတင်း ၂၁.၂၂ ဂရမ်၊ လိုင်စင်း ဝ.၅၈ဝရမ်၊ရေဓာတ် ၄.၇ ဂရမ်၊ ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ၁၈%၊ ရီဘိုဖလဗင်(ခေါ်)ဗီတာမင်ဘီ(၂) ၈၅%၊ နင်္အာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၂၃%၊ဗီတာမင်ဘီ(၅) ၉%၊ ဗီတာမင်ဘီ(၆) ၁၁%၊ ဖောလိပ်(ခေါ်) ဗီတာမင်ဘီ(၉) ၁၃%၊ ချိုလင်း ၁၁%၊ ဗီတာမင်အီး ၁၇၅%၊ကယ်လ်စီယမ် ၂၆%၊ သံဓာတ် ၂၉%၊ မဂ္ဂနီစီယမ် ၇၅%၊ မဂ္ဂနီးစ် ၁ဝ၉%၊ ဖော့စဖရက် ၆၉%၊ ပိုတက်စီယမ် ၁၅% နဲ့ ဇင့် ၃၂% တို့အသီးသီးပါရှိကြပါတယ်။
ကျန်းမာရေးအတွက် ဘာတွေ ကောင်းသလဲ
အဲဒီ ဗာဒံစေ့ လေးတွေက ကျန်းမာရေးအတွက်တော်တော်လေး အထောက်အကူပြုပါတယ်။ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲဆိုတာ ဖော်ပြသွားပါမယ်။ ဗာဒံစေ့တွေဟာ အသားအရေနုကို ပြန်လည်ပျိုစေကာ၊ မှတ်ဥာဏ်စွမ်းအားများလည်း ကောင်းစေလို့ ကျား/မ အရွယ်(၃)ပါးအားလုံး စားသုံးပေးကြရန် USDA က အကြံပြုထားပါတယ်။
နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်
ဗာဒံစေ့များဟာ အဆီပါဝင်မှုရှိပြီး ဒီအဆီက ဝမ်း ဗိုက်ပိုင်းမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်ကဗာဒံစေ့မှာ linoleic အက်ဆစ် နဲ့ linolenic အက်ဆစ်တို့လိုမျိုး အကျိုးပြု fatty acid တွေပါဝင်နေတာကလည်း ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ Fatty acid က သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး ဆံသား နဲ့ အသားအရေကို ကျန်းမာစေနိုင်ပါသေးတယ်။
ကိုယ်ဝန်ဆောင်လေဒီတွေ အတွက်သင့်တော်တယ်
ဗာဒံစေ့မှာ ဖောလစ်အက်ဆစ်ပါဝင်နေတာကြောင့် ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ မိခင်ရော ကလေးပါလိုအပ်တဲ့ ဖောလစ်အက်ဆစ်ရရှိစေပြီး ကျန်းမာစေဖို့ဆိုရင် ဗာဒံစေ့စားပေးလို့ရပါတယ်။
ဝိတ်ကျ စေနိုင်တယ်
ဗာဒံစေ့က စိတ်ကျေနပ်မှုရစေပြီး ခဏခဏစားချင်စိတ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုက အဆာခံနိုင်စေပြီး အစာခြေစနစ် နဲ့ အူမကြီးကို ကျန်းမာစေနိုင်ပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားသုံးပေးတာက ဝမ်းမှန်စေနိုင်ပြီး ကိုယ်အလေး ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်မှာပါ။
အရိုး ကျန်းမာစေနိုင်တယ်
ဗာဒံစေ့မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ phosphorus၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ Phosphorus ကအရိုးတွေဖြစ်ပေါ်စေဖို့ နဲ့ ခန္ဓာကိုယ်က တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားသုံးပေးတာက အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
လေ့လာမှုတွေအရ ဗာဒံစေ့မှာ ဇင့် နဲ့ မဂ္ဂနိ့တို့လိုမျိုး ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်ကောင်း မွန်စေပြီး ကိုယ်ခံအားစနစ်ကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ကျန်းမာချင်သူတိုင်း စားပေးသင့်ပါတယ်။
ဦးနှောက် စွမ်းဆောင်ရည်ကောင်းစေတယ်
ဗာဒံစေ့မှာ ဦးနှောက်ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာ ရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗာဒံစေ့မှာ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်း မွန်စေဖို့ အရေးပါတဲ့ L-carnitine နဲ့ riboflavin တို့လိုမျိုး အာဟာရဓာတ်တွေပါဝင်နေသလို အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ အာရုံကြောစနစ် ကျန်းမာပြီး ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ဆိုရင် ဗာဒံစေ့စားပေးလို့ရပါတယ်။
ဝမ်းမှန်စေနိုင်တယ်
ဗာဒံစေ့မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဗာဒံစေ့စားပြီပြီးချင်း ရေသောက်ချလိုက်မယ်ဆိုရင် အစာ ခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားမှုဖြစ်စေနိုင်မှာပါ။ ဒါကြောင့် အစာခြေစနစ်ကျန်းမာပြီး ဝမ်းမှန်စေဖို့ဆိုရင် တစ်နေ့ကို ဗာဒံစေ့ ၄ စေ့ကနေ ၅ စေ့လောက်အထိ စားပေးပါ။ ဗာဒံစေ့ကိုမှန်မှန်စားပေးခြင်းဖြင့် အစာ အိမ်ထဲရှိအကျိုးပြု ဗက်တီးရီးယားများကိုလှုံ့ဆော်ပေးတာကြောင့်အစာချေဖျက်မှုကိုအားပေးကာ၊ ဝမ်းပုပ်များသက်စေပြီး၊ အစာချေအင်္ဂါ အဖွဲ့အစည်းသန့်စင်သွားတာကြောင့်၊ အသားအရေတွေလည်း မညစ်ညမ်းတော့ပါဘူး။
သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်
ဗာဒံစေ့မှာ ပိုတက်ဆီယမ်ပါဝင်မှုကသွေးပေါင်ချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ နောက်တစ်ခုက ဗာဒံစေ့မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေ ပြည့်ဝစွာပါဝင်နေတာပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင်စားသုံးမှုက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေနိုင်သလို သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေမှာပါ။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်
ဗာဒံစေ့က အင်ဆူလင်ထွက်ရှိမှုကို ကောင်း မွန်စေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်တာမျိုးမဖြစ်အောင် မဖြစ်အောင် အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိနိုင်စေဖို့ စားပေးသင့်ပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
ဗာဒံစေ့မှာ monounsaturated fat၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ဒါတွေအပြင် ဗာဒံစေ့မှာ မဂ္ဂနီဆီယမ်ပါဝင်နေတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် E ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပါတယ်။ ဖောလစ်အက်ဆစ်ကြွယ်ဝမှုက သွေးကြောတွေထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်တယ်ဆိုရင် ဗာဒံစေ့ပုံမှန်စားပေးသင့်ပါတယ်။
ကင်ဆာ ကာကွယ်ပေးတယ်
ဗာဒံစေ့ ပုံမှန်စားသုံးပေးတာက အစာခြေစနစ်ကိုကျန်းမာစေပြီး ဝမ်းမှန်စေတာကြောင့် အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် လေဒီတော်တော်များများမှာ ခံစားရတဲ့ ရင်သားကင်ဆာ မဖြစ်စေဖို့အတွက် စားသုံးလို့ရပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ ဗာဒံစေ့က ကင်ဆာရောဂါတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
အသားအရေကို အကျိုးပြုပါတယ်
ဗီတာမင်အီး ရရှိရာအရင်းအမြစ်ကိုပြပါဆိုရင် ဗာဒံစေ့ကိုသာ လက်ညှိးထိုးလိုက်ပါ။ ဗာဒံစေ့ဟာ ဗီတာမင်အီး ကြွယ် ဝရာအရင်းအမြစ်ဖြစ်တာကြောင့် ဝက်ခြံပေါက်သူတွေသာမက၊ အရေပြားရောဂါရှိ သူများလည်း မဖြစ်မနေစားသင့်ပါတယ်။ အရွယ်နုပျိုဆေးသဖွယ် အားကိုးထိုက်ပါတယ်။ ဗာဒံစေ့ကို မှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ ပါမျက်နှာကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်နှာအရေးကြောင်းတွေမဖြစ်စေတော့ပါဘူး။ အသားအရေလည်း ပိုညက်ညောလာပါတယ်။ မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တဝိုက် ဗာဒံဆီမှန်မှန် လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မျက်ကွင်းညိုများသိသိသာသာ လျော့ပါးသွားစေပါတယ်။ မျက်လုံးထဲ ဆီမဝင်အောင် ဂရုစိုက်လိမ်းဖို့ တော့လိုပါလမ့်မယ်။
(Crd: Hello ဆရာဝန်)
#PAN