သထုံမြို့နယ်က ကဏန်းကျွန်းကို ဒီရေတောကြိုးပြင်ကာကွယ်တော အဖြစ်သတ်မှတ်

(ပြည်တွင်း) ဇန်နဝါရီ ၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ကျရောက်နေလျက်ရှိတဲ့ ဧရိယာအကျယ်အဝန်း ၉,၂၈၄ ဧကရှိသောနယ်မြေကို ကဏန်းကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၅)အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်)မှစတင်ပြီး သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေ ရန်နှင့် စီမံအုပ်ချုပ်မှုပိုမိုကောင်းမွန်လာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရ မှုများအား သဘာဝတံတိုင်းကြီးများသဖွယ်ကာကွယ်ရန်နှင့် ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန် စတဲ့ ရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်ကာ ဒီရေတောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ အဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါတယ်။

ထိုကဲ့သို့ ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိကသစ်မျိုးများဖြစ်တဲ့ သမဲ့၊ ကန့်ပလာ၊ ဓနိ အစရှိသည့် ဒီရေတောသစ်ပင်များအား ထိန်းသိမ်းနိုင်မည့်အပြင် ဗြူးခြေထောက်၊ ဗြူးကြက်တက်၊ နှံဗြူး၊ ဗြူးအုပ်ဆောင်း၊ သမဲ့ကြီး၊ ကန့်ပလာ စတဲ့ သစ်မျိုးများဖြင့် စိုက်ပျိုးတည်ထောင်ထားသည့် ဒီရေတောစိုက်ခင်းများ ကိုပါ ထိန်းသိမ်းကာကွယ်နိုမှာဖြစ်ပါတယ်။

ဒါ့အပြင် သား၊ ငါး၊ ကဏန်း၊ ပုစွန်များရှင်သန်ပေါက်ဖွားရာ ဂေဟစနစ်များပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့်ဂေဟစနစ်တစ်ခုဖြစ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိပေးနိုင်ခြင်းနှင့် မြေတိုက် စားမှုနှင့် ကမ်းပါးပြိုမှုများစသည်တို့၏ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်မည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

#PAN #သထုံ #ကြိုးဝိုင်းသစ်တော #ဒီရေတော #ကြိုးပြင်တော