မီးသတ်ဆေးဘူးမပါသည့် YBS ယာဉ်များကို အရေးယူဆောင်ရွက်မည်


(ပြည်တွင်း) ဇန်နဝါရီ ၉

ရန်ကုန်မြို့၌ ပြေးဆွဲနေသည့် အများပြည်သူသုံး ခရီးသည်တင် YBS ယာဉ်များတွင် မီးသတ်ဆေးဘူးများ တင်ဆောင်ထားကြရန် သတိပေးထားပြီး မီးသတ်ဆေးဘူးမပါတဲ့ YBS ယာဉ်များကို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရပါတယ်။

ပူပြင်းသောရာသီကာလတွင် မော်တော်ယာဉ်များ၏ အင်ဂျင်ခန်းအပူချိန်နှင့် ရာသီဥတုအပူချိန်မြင့်မားမှုများက ယာဉ်မီးလောင်မှုဖြစ်ပွားခြင်းကို အားပေးရာရောက်သောကြောင့် အရေးကြုံလာပါက အလွယ်တကူအသုံးပြုနိုင်ရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရန်အတွက် YBS ယာဉ်များတွင် မီးသတ်ဆေးဘူးများဆောင်ထားကြရန် ညွှန်ကြားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ခရီးသည်တင် YBS ယာဉ်များတွင် မီးသတ်ဆေးဘူးအပြင် အသင့်အသုံးပြုနိုင်သော အရန်ဘီး၊ ပြုပြင်ရေး တန်ဆာပလာ၊ အရေးပေါ်ထွက်ပေါက်၊ မှန်ခွဲရန်တူ(သို့မဟုတ်)ပုဆိန်၊ ရှေးဦးသူနာပြုဆေးသေတ္တာ အစရှိတဲ့ အရာများ စီစဉ်ထားရှိရန်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ စီမံကွပ်ကဲ မှုအောက်တွင် YBS ကုမ္ပဏီပေါင်း ၂၀ ကျော်တွင် ယာဉ်လိုင်းပေါင်း ၁၃၁ လိုင်းမှ YBS ယာဉ် အစီးရေ ၃,၅၀၀ ကျော် ပြေးဆွဲလျက်ရှိပြီး တစ်ရက်လျှင် ခရီးသည်ဦးရေ ၁၄ သိန်းခန့် လိုက်ပါစီးနင်းလျက်ရှိကြကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN