မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ဆောင်းခိုငှက်၊ ရေပျော်ငှက်နှင့် ငှက်မျိုးစိတ် ၁၁၅ မျိုး လာရောက်ဆောင်းခို

(ပြည်တွင်း) ဇန်နဝါရီ ၉

ကမ္ဘာ့ဆောင်းခိုငှက်မျိုးစိတ်များ ကျက်စားရာ ရမ်ဆာရေဝပ်ဒေသတစ်ခုဖြစ်တဲ့ မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသို့ ဆောင်းခိုငှက်၊ ရေပျော်ငှက်နှင့် ငှက်မျိုးစိတ် ၁၁၅ မျိုး လာရောက် ဆောင်းခိုနေကြောင်း မိုးယွန်းကြီးအင်းဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရပါတယ်။

မိုးယွန်းကြီးအင်းသို့ ရှားပါးငှက်မျိုးစိတ် ၁၀ မျိုးဝင်ရောက်လေ့ရှိပြီး ယခုရာသီတွင် မျိုးစိတ် ၅ မျိုးကို တွေ့ရပြီ ဖြစ်ကြောင်း သိရပါတယ်။

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာ ယခုဆောင်းရာသီတွင် အင်းရေပြည့် နေပြီး အနိမ့်ဆုံးနေရာဖြစ်တဲ့ ရေအနက်ငါးပေကျော်နှင့် အနက်ဆုံးနေရာ ၁၀ ပေကျော်ရှိနေတာကြောင့် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ဆောင်းခိုငှက်‌များ ဝင်ရောက်မှုူ နည်းနေသေးကြောင်း သိရပါတယ်။

ဧက ၂၅,၆၀၀ ကျယ်ဝန်းသော မိုးယွန်းကြီးအင်းမှာ ယခုနှစ် ဝင်ရောက်လာသော ဆောင်းခိုငှက်မျိုးစိတ် အမျိုးအစားများမှာ ဘဲရစ်၊ ဘဲပြာကလေး၊ ရေကြက်ဒုံ၊ တစ်တီတူး၊ ငါး ဟစ်မွဲ၊ တောဝမ်းဘဲ၊ တလိုင်းခေါင်း၊ မယ်ညို၊ ခြေနီရေညှောင့်ငှက်၊ မြစ်တွေးငှက်နှင့် စစ်စလီငှက်အပါအဝင် ရှားပါးမျိုးစိတ်ဝင် ခရုစုတ်ခေါင်းမည်း ငှက်မျိုးစိတ် ဝင်ရောက်နားခိုလျက်ရှိတယ်လို့ သိရပါတယ်။

မိုးယွန်းကြီးအင်းဘေးမဲ့တောမှာ ဆောင်းရာသီ၌ နို့တိုက်သတ္တဝါ ၁၂၀၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၂၈ မျိုး၊ အင်းဆက် ၃၃ မျိုး၊ ဌာနေငှက် ၇၇ မျိုး၊ ငါးမျိုးစိတ် ၄၄ မျိုးနှင့် ရေနေပင် ၇၄ မျိုးတို့ ရှင်သန် တည်ရှိလေ့ရှိကြောင်း သိရပါတယ်။

မိုးယွန်းကြီးအင်းသို့ ဝင်ရောက်လာသော ဆောင်းခိုငှက်များက ပျံသန်းရာလမ်းကြောင်း ကိုးခု အနက်မှ အာရှ–ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း၊ အာရှအလယ်ပျံသန်းရာလမ်းကြောင်းနှင့် အနောက်အာရှ– အရှေ့အာဖရိကလမ်းကြောင်းတို့မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

PAN