ဇန်နဝါရီလနှင့် ဖေ‌ဖော်ဝါရီလ တို့မှာ အင်းလေးရိုးရာလှေလှော်ပြိုင်ပွဲများကို ကျင်းပမည်

(ပြည်တွင်း) ဇန်နဝါရီ ၉

၂ဝ၂၅ ခုနှစ်၊ အင်းလေးရိုးရာလှေလှော်ပြိုင်ပွဲကို ပြည်တွင်း၊ပြည်ပ ခရီးသွားများ ဆွဲဆောင်နိုင်ရန် ဇန်နဝါရီလ နှင့် ဖေ‌ဖော်ဝါရီလ တို့မှာ နှစ်ကြိမ်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရပါတယ်။

အဆိုပါရိုးရာလှေပြိုင်ပွဲက အင်းလေးဖောင်တော်ဦးဘုရားပွဲနှင့် အတူတွဲပြီး နှစ်စဉ်ကျင်းပလျက်ရှိနေပါတယ်။

သို့သော် ပြီးခဲ့တဲ့ကာလမှာတော့ ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ရတာမို့ ဖောင်တော်ဦးဘုရား ပွဲတော်ကို ခေတ္တရပ်နားထားပြီး ယခုအခါပွင့်လင်းရာသီကာလမှာတော့ ခရီးသွားများ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်တာကြောင့် အင်းလေးရိုးရာလှေလှော်ပြိုင်ပွဲကို ကျင်းပရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

 လှေလှော်ပြိုင်ပွဲကျင်းပရာတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် တစ်ကြိမ်နှင့် လာမယ့်ဖေဖော်ဝါရီလမှာတော့ ရှမ်းပြည်နယ်နေ့ကို ကြိုဆိုသောအားဖြင့် တစ်ကြိမ်ကျင်းပသွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ရိုးရာလှေလှော်ပြိုင်ပွဲက အင်းလေးဒေသ၏ အထင်ကရပွဲတော်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ ကို ဆွဲဆောင်နိုင်တဲ့ ကမ္ဘာကျော်ပွဲတော်တစ်ခု ဖြစ်တာကြောင့် လာရောက်လည်ပတ်နိုင်ရန် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ဖိတ်ခေါ်ထား ကြောင်း သိရပါတယ်။

PAN