ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရေသွင်းနှမ်း ၃,၃၃၁ ဧက စိုက်ပျိုးမည်

(စိုက်ပျိုးရေး) ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လာမယ့် နွေသီးနှံစိုက်ပျိုးရာသီတွင် အရည်အသွေးမြင့် ဆီထွက်သီးနှံ များ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်ပြီး ကန်ထရိုက်လယ်ယာစနစ် ဖြင့် ရေသွင်းနှမ်း ၃,၃၃၁ ဧက အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တောင်သူ အကျိုးဆောင်အသင်း (FFA)မှ သိရပါတယ်။

အဆိုပါ ရေသွင်းနှမ်း စိုက်ပျိုးရာတွင် မျိုးစေ့ထုတ်စိုက်ကွက် ၁၅၅ ဧကနဲ့ ရိုးရိုးစိုက်ကွက် ၃,၁၇၆ ဧက၊ စုစုပေါင်း ၃,၃၃၁ ဧက စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်တဲ့သဘာဝမြေဩဇာများနဲ့ သဘာဝ ဆေးများကို တောင်သူများလက်လှမ်းမီ အလွယ်တကူသုံးစွဲနိုင်အောင် မြို့နယ်တောင်သူအကျိုးဆောင်အသင်း (FFA)က ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း (FFA)အနေနဲ့ မြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေ ရေး၊ အရည်အသွေးမြင့်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများတွင် ထုတ်လုပ်သူရော စားသုံးသူပါ အစားအစာ ဘေးကင်းလုံခြုံရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် မြေဆီလွှာနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး စတဲ့ တောင်သူအကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး ဒေသတွင်းရှိတောင်သူများကို သီးနှံဝင်ငွေအကျိုးအမြတ် ရရှိစေရန် ကန်ထရိုက်လယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးခြင်း၊ စိုက်ပျိုးသီးနှံများပေါ်ချိန်တွင် တောင်သူများအတွက် သင့်တင့်မျှတသော သီးနှံဈေးနှုန်းများရရှိစေရေးအတွက် တောင်သူစုပေါင်းသီးနှံရောင်းချပွဲများကိုလည်း ကျင်းပပေးခြင်း များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

PAN