(စီးပွားရေး) ဇန်နဝါရီ ၈
အခုနှစ်မှာ ရန်ကုန်စတော့အိတ်ချိန်းက ထူထောင်ထားတဲ့ Main Board နဲ့ စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board) တို့ကိုဝင်ရောက်လာမယ့် အများပိုင်ကုမ္ပဏီ ၃ ခုခန့်ရှိတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းက သိရပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းရဲ့ Main Board မှာ အများပိုင်ကုမ္ပဏီတစ်ခု ဝင်ရောက်ဖို့ရှိနေပြီး Pre-Listing Board မှာ အများပိုင်ကုမ္ပဏီ ၂ ခု ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးမင်းသူ က ပြောကြားခဲ့ပါတယ်။
မွေးမြူရေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ အများပိုင်ကုမ္ပဏီတစ်ခုနဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုတို့က Pre-Listing Board မှာ ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ရန်ကုန်စတော့အိတ်ချိန်း ရဲ့ Main Board ကို ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ကုမ္ပဏီက ခေတ်မီအီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ ကျန်းမာရေးဆိုင်ရာ အီလက်ထရွန်နစ်ပစ္စည်းတွေ တင်သွင်းတဲ့ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ FMI ၊ MTSH ၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB)၊ TMH ၊ EFR ၊ AMATA ၊ MAEX စတဲ့ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ နေ့စဉ် အစုရှယ်ယာ အရောင်းအဝယ်တွေကို ဆောင်ရွက်နေပါတယ်။ Pre-Listing Board မှာတော့ MADPL ကုမ္ပဏီကတစ်ခုနဲ့သာ နေ့စဉ်ရှယ်ယာအရောင်းအဝယ်တွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက Main Board နဲ့ Pre-Listing Board နှစ်ခုကနေ စတော့ရှယ်ယာ အရောင်းအဝယ်တန်ဖိုးက ကျပ် ၁၄ ဒသမ ၀၈ ဘီလီယံကျော် ရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း Pre-Listing Board မှာ စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်လာမယ့် အများပိုင်ကုမ္ပဏီတွေအတွက် ကနဦးမှတ်ပုံတင်ဝန်ဆောင်ခ အခကြေးငွေကို ၅၀ ရာခိုင်နှုန်း လျှော့ချ ကောက်ခံမယ်လို့လည်း ရန်ကုန်စတော့အိတ်ချိန်းကနေ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews