ပန်းဘဲတန်းမြို့နယ်တွင် စိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင်တစ်ဆိုင် လုယက်ခံရ


(ပြည်တွင်း) ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ လမ်း(၃၀)အလယ်ဘလောက်၊ အမှတ်(၁၁၀)ပထမထပ်ရှိ “ရွှေချစ်သူ” စိန်ရွှေရတနာ ရောင်းဝယ်ဆိုင်ရေးသို့ ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီ ၃၀ မီနစ်အချိန်ခန့်က “ရွှေချစ်သူ” စိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင်တွင် ပိုင်ရှင် ဒေါ်မိုးနှင်းစိုး၊ မန်နေဂျာ ဦးဇော်ဌေး၊ ဝန်ထမ်း ဒေါ်တင်တင်ဝင်း တို့ (၃)ဦး ရှိနေစဉ် အသက် ၃၀ နှစ်ခန့်ရှိ ဘောင်းဘီရှည်ဝတ်ထားသည့် ကျား ၁ ဦး(စိစစ်ဆဲ)မှ အခန်းတံခါးဝသို့ ရောက်ရှိလာပြီး ရွှေရောင်းချင်ကြောင်း ပြောကြားသဖြင့် အခန်းတံခါးအား ဖွင့်ပေးခဲ့စဉ် ၎င်းနောက်မှ ဘောင်းဘီရှည်ဝတ်ထားသည့် ကျား ၂ ဦးမှ လိုက်ပါဝင်ရောက်ခဲ့ကြောင်း၊ ၎င်းတို့ ၃ ဦးအနက် ၁ ဦးမှ သေနတ်အတို ၁ လက်၊ ဓါးမြှောင် ၁ ချောင်းတို့အား ပြသခြိမ်းခြောက်၍ ကောင်တာဘေး ကြမ်းခင်းတွင် ချထားသည့် ငွေစက္ကူမျိုးစုံ ကျပ်သိန်း(၅၀၀)၊ မှန်ကောင်တာအတွင်းရှိ စိန်ရွှေပစ္စည်းမျိုးစုံ၊ စုစုပေါင်းငွေကျပ်သိန်း(၁၀,၀၀၀)ခန့်၊ ဒေါ်မိုးနှင်းစိုး တို့ကိုင်ဆောင် သည့် Redmi ဖုန်း (၂)လုံး၊ OPPO ဖုန်း (၁)လုံး၊ Huawei ဖုန်း (၁)လုံးတို့အား ယူဆောင်ပြီး ဒေါ်မိုးနှင်းစိုး ပါ ၃ ဦးအား အခန်းအနောက်ရှိ ရေချိုးခန်းအတွင်းသို့ ထည့်၍ မှန်ဘောင်ဖြင့် ပိတ်ထားကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေါ်မိုးနှင်းစိုးတို့မှ တံခါးအား တွန်းဖွင့်၍ ထွက်ခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေ စိစစ်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN