(ကျန်းမာရေး)ဇန်နဝါရီ ၈
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အိပ်စက်ခြင်းနှင့် ကျန်းမာရေးအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
အိပ်စက်ခြင်း ဆိုတာ အလုံးစုံကျန်းမာရေးအတွက် အခြေခံကျတဲ့ အချက်ပါ။ တစ်နေ့တာရဲ့ ၃ ပုံ ၁ပုံလောက်ကို အချိန်ပေးရလောက်အောင်ကို အိပ်စက်ခြင်းက အရေးကြီးပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းဆိုတာ ဘာကို ခေါ်တာလဲ။ အိပ် စက်ခြင်းက ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်စေလဲဆိုတာ လေ့လာကြည့်ရအောင်။
အိပ်စက်ခြင်း က ခန္ဓာကိုယ်ကို ဘယ်လို သက်ရောက်စေသလဲ
အိပ်ရေးဝတဲ့သူဆို သိသာပါတယ်။ အားအင်အပြည့်နဲ့ လန်းဆန်းနေမှာပါ။ အိပ်ရေးဝတဲ့ ရက်တွေဆို သင်ယူရတာလည်း ခေါင်းထဲ ပိုဝင်သလို၊ စိတ်နဲ့ ကိုယ်နဲ့လည်း ကပ်ပါတယ်။ ဖန်တီးနိုင်စွမ်းတွေ တက်ပြီး စိတ်လည်း ကြည်နေမှာပါ။ ခုခံအားလည်း ကောင်းစေပါတယ်။
ဒါနဲ့ ပြောင်းပြန် အိပ်ရေး မဝရင်တော့ လူက နုံးနေပြီး စိတ်မကြည့်ဘဲ ဖြစ်နေမှာပါ။ အားလည်း မရှိ၊ စိတ်နဲ့ ကိုယ်နဲ့လည်း ကပ်မှာ မဟုတ်ပါဘူး။ အိပ်ရေးဝတဲ့ နေ့နဲ့ မဝတဲ့နေ့က အတော်ကွာပါတယ်။ ဒီလိုနဲ့ အိပ်ရေးမဝဝာာ ကြာလာရင် တဖြည်းဖြည်းနဲ့ ကျန်းမာရေးနဲ့ ထိခိုက်လာမှာပါ။
ကျန်းမာစေတဲ့ အိပ်စက်ခြင်းဆိုတာ ဘာလဲ
အိပ်စက်ခြင်း ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးပေါ် သက်ရောက်နေတဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ပါ။ မျက်လုံးလေး မှိတ်ပြီး အိပ်နေတယ်ဆိုပေမယ့် အတွင်းမှာ အဆင့်တွေအများကြီးနဲ့ အိပ်စက်နေတာပါ။ ဒီအဆင့်တွေအားလုံး ပြည့်စုံမှ ကိုယ်ရော စိတ်ပါ အနားရမှာပါ။ ဒီလို ဖြစ်ဖို့က တစ်ညကို ဘယ်နှနာရီ အိပ်တာလဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရဲ့လား။ အိပ်ချိန်မှန်ရဲ့လား စတဲ့ အချက်တွေပေါ် မူတည်နေပါတယ်။
• အိပ်ချိန်လုံလောက်ရဲ့လား ။ ကျန်းမာစေတဲ့ အိပ်စက်ခြင်းရဖို့ အိပ်ချိန်ကလည်း အရေးကြီးပါတယ်။ National Sleep Foundation က အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ၇-၉ နာရီ၊ ၆၅ နှစ်အထက်ဆို တစ်ညကို ၇-၈ နာရီ အိပ်စက်သင့်တယ်လို့ ဆိုပါတယ်။ ကလေးတွေကတော့ ကြီးထွားနေတဲ့အရွယ်မို့လို့ လူကြီးတွေထက် ပိုလိုပါတယ်။ အရွယ်အလိုက် ကွာခြားချက်ရှိပြီး ကလေးသေးသေးလေးတွေဆို တစ်ညကို ၁၇နာရီ၊ မြီးကောက်ပေါက်လေးတွေဆို ၈-၁၀ နာရီ လိုပါတယ်။ ဒါတွေကတော့ လူအများစုမှာ လေ့လာထားတာတွေပါ။ မျိုးရိုးဗီဇ၊ တစ်နေ့တာ အလုပ်ချိန်၊ လှုပ်ရှားမှုပေါ်မူတည်ပြီး အိပ်ချိန်အတိုးအလျှော့ ရှိနိုင်ပါတယ်။
• နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရဲ့လား ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှ အိပ်ရေးဝတဲ့ ခံစားချက်မျိုး ရတာပါ။ အိပ်ချိန်ပြည့်ပေမယ့် ကြားထဲမှာ ခဏခဏ ထနေရရင် ဒါကျန်းမာစေတဲ့ အိပ်ခြင်း မဖြစ်ပါဘူး။ ခဏခဏ နိုးနေတာက အိပ်စက်တဲ့ အဆင့်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဥပမာ အိပ်ဟောက်ရှူရပ် ရောဂါရှိတဲ့သူဆိုရင် အသက်ရှူရပ်ရပ်သွားတာကြောင့် လန့်နိုးတတ်ပါတယ်။ သူတို့အနေနဲ့ အိပ်ချိန် ပြည့်ကောင်း ပြည့်နိုင်ပေမယ့် နေ့ဘက်တွေမှာ အိပ်ငိုက်နေပါလိမ့်မယ်။
• အိပ်ချိန်မှန်ရဲ့လား ။ ၂၄နာရီအတွင်းမှာ ဘယ်အချိန်မှာ အိပ်မလဲဆိုတာက အရေးကြီးပါတယ်။ ကိုယ်တွင်းဇီဝနာရီနဲ့ ပြင်ပ ပြောင်းလဲမှုတွေနဲ့ ကိုက်ညီအောင် ညှိထားသင့်ပါတယ်။ အလင်းရောင်ကတော့ အရေးကြီးဆုံးပါ။ လင်းနေရင် ကိုယ်တွင်းဇီဝနာရီကို မအိပ်စက်ဖို့ အချက်ပြပါတယ်။ မှောင်လာပြီဆိုရင် မယ်လတိုနင် ထွက်လာပြီး အိပ်ငိုက်စေပါတယ်။ ဒါပေမယ့် နေ့ဆိုင်း ညဆိုင်း ရွှေ့ပြီး လုပ်ရတဲ့ သူတွေ၊ အချိန်မတူတဲ့ နေရာကို ခဏခဏ ခရီးထွက်ရတဲ့သူတွေကတော့ ဒီစနစ် ကမောက်ကမဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သူတို့တွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့၊ အိပ်ချိန်ပြည့်ဖို့ ခက်ပါတယ်။အိပ်ချိန်ပြည့်ပေမယ့် အိပ်ချိန်မမှန်တဲ့အခါ ကျန်းမာစေတဲ့ အိပ်စက်ခြင်း မရပါဘူး။ တစ်နေ့ကို ၈နာရီ အိပ်ပေမယ့် ည ၁၀နာရီကနေ မနက် ၆နာရီထိ အိပ်တဲ့သူနဲ့ မနက် ၃နာရီကနေ နေ့လယ် ၁၁နာရီထိ အိပ်တဲ့သူ မတူပါဘူး။
သင့်မှာ ကျန်းမာစေတဲ့ အိပ်စက်ခြင်း မျိုး ရှိရဲ့လား
အပေါ်မှာ ပြောခဲ့တဲ့ ၃ချက်က ကျန်းမာစေတဲ့ အိပ်စက်ခြင်း မျိုး ရဖို့ အရေးပါတဲ့ အချက်တွေပါ။ ကိုယ်အိပ်စက်တဲ့ ပုံစံက ကျန်းမာစေရဲ့လားဆိုတာ အောက်ပါ အချက်တွေနဲ့ စစ်ဆေးနိုင်ပါတယ် –
• မနက်မှာ ကြည်ကြည်လင်လင် နိုးရဲ့လား
• အားပြည့် အင်ပြည့် အလုပ်လုပ်နိုင်ရဲ့လား
• စိတ်ကြည်ရဲ့လား
• အာရုံစူးစိုက်နိုင်ရဲ့လား ဆိုတာတွေနဲ့ပါ။
ဒါနဲ့ ပြောင်းပြန် အိပ်တဲ့ ပုံစံမမှန်ဘူးဆိုရင်တော့ အောက်ပါအချက်တွေ ရှိနေမှာပါ –
• မနက်ဆို မထနိုင်တာ
• အာရုံစူးစိုက်လို့ မရတာ
• စိတ်တိုစိတ်ဆတ်တာ၊ စိတ်ရှုပ်ထွေးပြီး စိတ်ဓာတ်ကျတာ
• အိပ်ငိုက်နေတာ၊ နေ့ဘက်မှာ ပြန်မှေးဖို့ လိုနေတာ
• ပိတ်ရက်တွေမှာ အချိန်ကြာကြာ ဒါမှမဟုတ် နောက်ကျမှ အိပ်နေမိတာ စတာတွေပဲ ဖြစ်ပါတယ်။
ဒီအချက်တွေ ရှိနေပြီဆိုရင်တော့ ကိုယ့်ရဲ့ အိပ်စက်ခြင်း ပုံစံကို ပြန်စစ်ဆေးပြီး ပြုပြင်ဖို့ လိုနေပါပြီ။ ကိုယ့်ရဲ့ အိပ်ရာ၊ တစ်နေ့တာ အလုပ်တွေ၊ အိပ်ခါနီး လုပ်တတ်တဲ့ အကျင့်တွေကို ပြောင်းလဲဖို့ လိုနေပါပြီ။
အကြံပြုချက်
အိပ်စက်ခြင်း က အရေးကြီးပါတယ်။ အိပ်ရခက်တဲ့ ပြဿနာ ဒါမှမဟုတ် အိပ်စက်ခြင်းရောဂါတစ်မျိုးမျိုး ရှိနေရင် လျစ်လျူမရှုပါနဲ့။ ကိုယ်ရဲ့ အမူအကျင့်တွေကို ပြောင်းကြည့်ပါ။ အလုပ်မဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘဝတစ်သက်တာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အိပ်စက်ခြင်း ရရှိဖို့ အရေးကြီးပါတယ်။
(Crd: Hello ဆရာဝန်)
#PAN