(စီးပွားရေး) ဇန်နဝါရီ ၆
၂၀၂၄ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ဓာတ်မြေဩဇာတန်ချိန် ၁၄ သိန်းကျော်နဲ့ ပိုးသတ်ဆေးတန်ချိန် ၂ သောင်းခန့်ကို တင်သွင်းနိုင်ခဲ့တယ်လို့ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတင်သွင်းနိုင်ရေးအတွက် လျာထားသတ်မှတ်ချက်အလိုက် ထောက်ခံပေးခဲ့တာ ဖြစ်ပြီး အခုဘဏ္ဍာနှစ်မှာလည်း တင်သွင်းဖို့ကျန်ရှိနေတဲ့ မြေဩဇာနဲ့ ပိုးသတ်ဆေးတွေကို ဆက်လက်စိစစ် ထောက်ခံ ပေးသွားမှာဖြစ်တယ်လို့ ဦးဆောင်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး က ပြောကြားခဲ့ပါတယ်။
ဦးဆောင်ကော်မတီအနေနဲ့ ရည်ညွှန်းဈေးနှုန်းတွေ ထုတ်ပြန်တဲ့အခါမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေရှိ အရောင်းဆိုင်တွေမှာ ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နဲ့ အရောင်းဆိုင်အမြတ်တို့အပေါ် မူတည်ထုတ်ပြန်တာဖြစ်ပြီး ဈေးနှုန်းပြောင်းလဲ၍ ရောင်းချနေမှုများကို စိစစ်ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
#PAN