(နိုင်ငံတကာ) ဇန်နဝါရီ ၆
နိုင်ငံအတွင်း အကျင့်ပျက်ချစာမှုများ ထောက်ပြခဲ့သည့် အိန္ဒိယ သတင်းထောက်တစ်ဦး၏အလောင်းကို မိလ္လာကန်ထဲမှာ တွေ့ရှိခဲ့ကြောင်းသိရသည်။
သေဆုံးသူမှာ အသက် ၃၂ အရွယ် ဒေသတွင်း သတင်းထောက် Mukesh Chandrakar ဆိုသူဖြစ်ပြီး ပြီးခဲ့သည့် နှစ်သစ်ကူးနေ့က ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
သတင်းထောက်၏ မိသားစုမှ ဒေသရဲစခန်းသို့ လူပျောက်တိုင်ကြားခဲ့ပြီး သေဆုံးသူ၏ လက်ကိုင်ဖုန်းအား ခြေရာခံခဲ့ပြီးနောက် မြို့အနောက်ဘက်ရှိ လမ်းဖောက်လုပ်ရေးကန်ထရိုက်တာ တစ်ဦး၏ နေအိမ်ခြံဝင်းအတွင်း အလောင်းအား ပြန်လည်တွေ့ရှိခဲ့သည်။
ပျောက်ဆုံးချိန်တွင် ရဲတပ်ဖွဲ့က အဆိုပါနေရာအား သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့ရှိ ဇန်နဝါရီလ ၃ ရက်နေ့တွင် ထပ်မံရှာဖွေရာမှာ ရုပ်အလောင်းအားတွေ့ရှိခဲ့သည်။
အဆိုပါ သတင်းထောက်အား ရှာဖွေတွေ့ရှိချိန်တွင် ခန္ဓာကိုယ်တွင် ပြင်းထန်သည့် ဒဏ်ရာများ ရရှိထားကြောင်းရဲတပ်ဖွဲ့ကဆိုသည်။
အလွတ်တန်းသတင်းထောက် Mukesh Chandrakar သည် ဒေသတွင်း အများပြည်သူဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်းများတွင် အဂတိလိုက်စားမှုများရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ထောက်ပြခဲ့သူလည်းဖြစ်သည်။
Mukesh Chandrakar သည် Bastar Junction အမည်ဖြင့် သတင်း Youtube ချန်နယ်တစ်ခု တည်ထောင်ထားပြီး ဒေသတွင်းသတင်းများ တွေ့ဆုံမေးမြန်းမှုများ တင်ဆက်နေသူလည်းဖြစ်သည်။
Mukesh Chandrakar သေဆုံးမှုနှင့်ပတ်သက်ပြီး သတင်းထောက်များ ဆန္ဒထုတ်ဖော်မှုများရှိပြီး အိန္ဒိယစာနယ်ဇင်းကောင်စီမှလည်း ပြည်နယ်အစိုးရထံ အဖြစ်မှန်များ ဖော်ထုတ်ပေးရန်တောင်းဆိုထားသည်။
သတင်းထောက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူ ၃ ဦးကို ဖမ်းဆီးထားပြီး အလောင်းတွေ့ရှိသည့် ခြံပိုင်ရှင်မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews