ဥရောပသမဂ္ဂက ဆီးရီးယားယာယီအစိုးရကို အကူအညီပေးရန် အဆင်သင့်ရှိဟု အလေးပေးပြောကြား


(နိုင်ငံတကာ)ဇန်နဝါရီ ၅

ဥရောပသမဂ္ဂကိုယ်စား ဂျာမနီနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတို့သည် ဆီးရီးယားယာယီအစိုးရအဖွဲ့ ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလန်နာ ဘရာဘော့ခ်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျိန်းနိုအယ်ဘားရော့သ် တို့သည် ဇန်နဝါရီလ ၃ ရက်က ယာယီအစိုးရအဖွဲ့ခေါင်းဆောင် အာမက်အယ်ရှာရာ နှင့် ဆီးရီးယားတွင် တွေ့ဆုံခဲ့ ကြသည်။

ပြီးခဲ့သည့်လတွင် သမ္မတ ဘာရှာအယ်အာဆတ်အစိုးရ ပြုတ်ကျပြီးနောက် ဆီးရီးယားနိုင်ငံတွင် နိုင်ငံ တည်ထောင်ရေး ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်လျက်ရှိသည်။

တွေ့ဆုံဆွေးနွေးပွဲပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘရာဘော့ခ် က ဥရောပသမဂ္ဂသည် ဆီးရီးယားကို ထောက်ပံ့ကူညီပေးရန် အဆင်သင့်ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။

ပြည်သူများအားလုံး လွတ်လပ်ပြီး ဘေးကင်းလုံခြုံမှုခံစားရမည့် ဆီးရီးယားအနာဂတ်အတွက် အီးယူအဖွဲ့က အရာအားလုံးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် အခြားအဖွဲ့များက ဆီးရီးယားနိုင်ငံမြောက်ပိုင်း ဒေသ အချို့တွင် တူကီယဲကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့များနှင့် ကာ့ဒ်အဖွဲ့တို့အကြား ပဋိပက္ခဆက်လက် ဖြစ်ပွား လျက်ရှိကြောင်းပြောသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအတွင်း လူပေါင်း ၂၀၈ ဦး သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

Telegram»…
https://t.me/positiveanglenews

PAN