(ပြည်တွင်း) ဇန်နဝါရီ ၅
ပြင်ဦးလွင်မြို့မှ ခွင့်ပြန်လာသည့် တပ်မတော်အရာရှိ တစ်ဦးသည် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အထက်ဗဟိုလမ်းရှိ “Apollo” ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ညီဖြစ်သူ၏ မင်္ဂလာပွဲသို့ သွားရောက်ခဲ့ပြီး ညီမဖြစ်သူနှင့်အတူ ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် နေ့လည်ပိုင်းတွင် မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာစဉ် ဟိုတယ်ရှေ့အထက်ဗဟိုလမ်းမပေါ်သို့ အရောက် အကြမ်းဖက်သမား ၂ ဦးမှ ပစ္စတိုဖြင့် ၃ ချက်ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ တပ်မတော်အရာရှိတွင် ယာလက်ဖျံ ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ညီမဖြစ်သူတွင် ယာခါးရှပ်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ တရားခံ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ နိုင်ဝင်းလတ်၊ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၏ မိဘများဖြစ်သည့် သန်းအောင်၊ ချိုမာလွင် တို့ ၅ ဦးအား အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ အင်းစိန်လမ်း၊ ရတနာသိင်္ခဘုန်းကြီး ကျောင်းဝန်းအတွင်းရှိ “စူပါပါဝါကိုမွန်လေး” ကားဆေးဘော်ဒီရုံ၌ ဒီတိုနီတာ ၅၀ဝ ချောင်း၊ ယမ်းကြိုး(၂ဝဝ ပေ) ၁ ခွေ၊ နိုက်ထရိုကလယ်ဇင်း ၅ဝ ကျပ် သား၊ လက်လုပ်ဗုံး ၁ လုံး၊ ယမ်းမှုန့်(ရောစပ်ပြီး) ၃ ပိသာ၊ ပုလဲ ၅၀ ပိသာ၊ Black Powder ၂ဝ ကျပ်သားတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ရတနာသိင်္ခဘုန်းကြီးကျောင်းတိုက်အတွင်း၌ လက်နက်/ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ အနန္တ ဂုဏ်ရည်ကျောင်းဆောင် ဒုတိယထပ်အခန်းအတွင်းမှ ပွိုင့် 38 Special အမျိုးအစား ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၎င်းကျည် ၂၅ တောင့်၊ TNT ယမ်းတောင့် ၂ တောင့်၊ ဒီတိုနေတာ ၃၅ ချောင်း၊ ပန်းရောင်ယမ်းမှုန့် ၅ဝ ကျပ်သားနှင့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သော လက်နက်/ခဲယမ်းများအား ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်၊ ဦးကောင်းလမ်း၊ အမှတ်(၅၂၈)၊ (မြေညီထပ်)အခန်းတွင်နေထိုင်သည့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စွမ်းထက်(ခ)အေရွန်နှင့် ဇွန်ပွင့်ဖြူတို့ထံတွင် သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် အဆိုပါနေ့ နေ့လည်ပိုင်းတွင် သွားရောက်ရှာဖွေခဲ့ရာ ၎င်းတို့ ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံ စွမ်းထက်(ခ)အေရွန်၏ မိခင်ဖြစ်သူ ခင်ယုဆွေအား နေအိမ်မီးဖို ခန်းအတွင်းမှ Sig Sauer ပစ္စတို သေနတ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ 9mm Thai Arms ကျည် ၁၅ တောင့်၊ 9mm Luger ကျည် ၉ တောင့်၊ လက်လုပ်ဗုံး ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၏ ထွက်ဆိုချက်အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် နေ့လည်ပိုင်းတွင် တရားခံ ထက်အောင်လှိုင်အား အင်းစိန်မြို့နယ်၊ ဗဟိုလမ်း၊ မီးရထားဒီဇယ်စက်ခေါင်းစက်ရုံဝင်ပေါက်အနီး၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တရားခံ ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့အား Sig Sauer ပစ္စတို သေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ 9mm ကျည် ၂၄ တောင့်၊ ပွိုင့် 38 Special အမျိုးအစား ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၎င်းကျည် ၂၅ တောင့်၊ လက်လုပ်ဗုံး ၂ လုံး၊ TNT ယမ်းတောင့် ၂ တောင့်၊ ဒီတိုနေတာ ၅၃၅ ချောင်း၊ ယမ်းမှုန့် ၃ ပိဿာ ၅ဝ ကျပ်သား၊ နိုက်ထရိုကလယ် ဇင်း ၅ဝ ကျပ်သား၊ ပုလဲ ၅ဝ ပိသာ၊ Black Powder ၂ဝ ကျပ်သား၊ ယမ်းကြိုး(၂ဝဝ ပေ) ၁ ခွေ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန် နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညိုတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ မတ်လခန့်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဝိုင်ချို ၊ နေမင်း တို့နှင့်အတူ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သင်တန်းအား သင်တန်းသားအင်အား ၁၇ ဦးဖြင့် ၇ ရက်အားလည်းကောင်း၊ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန် သည် ၂၀၂၁ ခုနှစ်၊ ဇွန်လခန့်တွင် မြဝတီမြို့ နယ်၊ လေးကေ့ကော်မြို့သစ်အနီး KNLA တမဟ(၆)နယ်မြေတွင် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း အမှတ်စဉ်(၁)အား သင်တန်းသားအင်အား ၂၀ ဦးဖြင့် ၁၀ ရက်အားလည်းကောင်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရကြောင်း သိရသည်။
ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန် သည် အကြမ်းဖက်သင်တန်း ဆင်းပြီးနောက် လူမှုကွန်ယက်မှ တစ်ဆင့်ရင်းနှီးခဲ့သူ ဖမ်းဆီးရန်ကျန်တရားခံ ခင်လင်းလင်း ၏ ချိတ်ဆက်ပေးမှုဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ နေထိုင်ခဲ့ကြောင်း၊ ဩဂုတ်လ ခန့်တွင် အကြမ်းဖက်သင်တန်းတက်ရောက်စဉ် ရင်းနှီးခဲ့သူ ဖမ်းဆီးရန်ကျန်တရားခံ အဲရစ်အောင်ငြိမ်း သည် Messenger မှတစ်ဆင့် ဆက်သွယ်၍ PDF အကြမ်းဖက်အဖွဲ့များအတွက် ထောက်ပို့ လုပ်ငန်းများ လုပ်ဆောင်ရာတွင် လာရောက်ကူညီပေးရန် ပြောကြားခဲ့သောကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ရန်ကုန်မြို့သို့ပြန်လာခဲ့ပြီး မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို နေထိုင်သည့် ရတနာသိင်္ခဘုန်းကြီးကျောင်းဝန်းအတွင်း၌ သွားရောက်နေထိုင်ခဲ့ကြောင်း၊ ၎င်းနောက် လူမှုကွန်ယက် Facebook စာမျက်နှာတွင် “ဆာကူရာ”အမည်ဖြင့် အကောင့်ဖွင့်လှစ်၍ ထောက်ပံ့ငွေများ ကောက်ခံခဲ့ပြီး ရရှိလာသော ငွေကြေးများအား အဲရစ်အောင်ငြိမ်း ထံသို့ Kpay မှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။
ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန် ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ခန့်တွင် ယခင်ငွေကြေးထောက်ပံ့ပေးနေသည့် ထိုင်းနိုင်ငံတွင်နေထိုင်သူ ဖမ်းဆီးရန် ကျန်တရားခံ ကိုမျိုး(ခ)ဆရာကျောင်း(ခ)ဦးလေးကြီး ထံသို့ Telegram မှတစ်ဆင့် ဆက်သွယ်ပြီး ထောက်ပံ့ငွေ တောင်းခံခဲ့ရာ ၎င်းမှ အကြမ်းဖက်အဖွဲ့ ၁ ခု ဖွဲ့စည်းပါက ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောကြားခဲ့သည့်အတွက် Together Urban Force အမည်ခံအကြမ်းဖက်အဖွဲ့အား ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း (ခ)ပါပီလွန် မှခေါင်းဆောင်၍ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ နိုင်ဝင်းလတ်၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် စွမ်းထက်(ခ)အေရွန်၊ ဇွန်ပွင့်ဖြူတို့ ၅ ဦးဖြင့် စတင်ဖွဲ့ စည်းခဲ့ကြောင်း သိရှိရသည်။
Together Urban Force အမည်ခံအကြမ်းဖက်အဖွဲ့သည် ကိုမျိုး(ခ)ဆရာကျောင်း(ခ) ဦးလေးကြီး၏ ခိုင်းစေမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက် ဖောက်ခွဲမှု ၆ ကြိမ်၊ အကြောင်းမဲ့ လုပ်ကြံ သတ်ဖြတ်မှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ သမိုင်းလမ်းဆုံရှိ လုံခြုံရေး ဘန်ကာအား ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ခင်ဇော်ဝင်းနှင့် ထိုက်လင်း တို့ ၂ ဦးမှ လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲခဲ့ပြီး ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်၊ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ ထက်အောင်လှိုင်တို့ ၃ ဦးမှ အခြေအနေကြည့်ရှု ပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂)ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးအား နိုင်ဝင်းလတ်၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စွမ်းထက်(ခ)အေရွန်၊ ဇွန်ပွင့်ဖြူတို့ ၃ ဦးမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ ကြောင်း၊ မေလ ၁၂ ရက်တွင် အင်းစိန်မြို့နယ်၊ ပေါက်တောဝမီးပွိုင့်ရှိ ဆက်သွယ်ရေး Box အား ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညိုတို့ ၂ ဦးမှ လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံ ခင်ဇော်ဝင်း မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။
မေလ ၃၀ ရက်တွင် အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ ကောင်းသန့် ထမင်းဆိုင်၌ ရစဖမှူး ဦးစောဝင်းလွင်အား ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်၊ ဖမ်းဆီးရန် ကျန် တရားခံ စွမ်းထက်(ခ)အေရွန်တို့ ၂ ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညိုမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ပြီး လူထိခိုက် သေဆုံးမှု မရှိခဲ့ကြောင်း၊ ဇူလိုင်လ ၈ ရက်တွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်ရှိ အင်းဝဘဏ်အား ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်နှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စွမ်းထက် (ခ)အေရွန်၊ ဇွန်ပွင့်ဖြူ၊ သူရိန်ဝင်း(ခ)ဘူးသီးတို့ ၄ ဦးမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ ဩဂုတ်လ ၁၄ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဘုန်းကြီးလမ်းရှိ ယာဉ်ထိန်းရုံး(အဟောင်း)အား ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စွမ်းထက်(ခ)အေရွန်၊ ဇွန်ပွင့်ဖြူ၊ သူရိန်ဝင်း(ခ)ဘူးသီးတို့ ၃ ဦးမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ အောက်တိုဘာလ ၁၂ ရက်တွင် တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ 29 ရတနာ ရွှေဆိုင်အား ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်၊ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို နှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စွမ်းထက်(ခ)အေရွန်၊ ဇွန်ပွင့်ဖြူတို့ ၄ ဦးမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၂ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ အမှတ် (၁၃)ရှိ Apollo Hotel ရှေ့တွင် တပ်မတော်အရာရှိနှင့် ညီမဖြစ်သူတို့အား မိုးထက်အောင် (ခ)မိုးထက်(ခ)တိမ်ညိုနှင့် ဖမ်းဆီးရန်ကျန်တရားခံ သောကြာ(ခ)ကောင်းဆက်သွေး (ခ)အောင်မြတ်သူတို့ ၂ ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ် ခဲ့ရာတွင် ခိုင်မင်းစိုး(ခ) ငြိမ်းခန့်လင်း(ခ)ပါပီလွန်၊ နိုင်ဝင်းလတ်၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စွမ်းထက် (ခ)အေရွန်၊ ဇွန်ပွင့်ဖြူ၊ ဉာဏ်လင်းထက်(ခ)ယဉ်လတ်တို့ ၅ ဦးမှ အခြေအနေ စောင့်ကြည့် ပေးခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ ခဲယမ်းများအား ဖမ်းဆီးရန်ကျန် တရားခံ ကိုမျိုး(ခ)ဆရာကျောင်း(ခ)ဦးလေးကြီး မှ ဖမ်းဆီးရန်ကျန် တရားခံ သောကြာ(ခ)ကောင်းဆက်သွေး(ခ)အောင်မြတ်သူနှင့်ချိတ်ဆက်၍ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ဆောင်ရွက်ပြီးပါက လူမှုကွန်ရက်တွင်တင်၍ ထောက်ပံ့ငွေ တောင်းခံခြင်း များအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews