(နိုင်ငံတကာ)ဇန်နဝါရီ ၅
ဒေလီမြို့အနီးဝန်းကျင်၌ ဇန်နဝါရီလ ၄ ရက်က မြူများထူထပ်စွာကျဆင်းပြီး အဝေးသို့မြင်နိုင်စွမ်း မရှိသည့်အတွက် လေကြောင်းခရီးစဉ် ၁၉ ခု လမ်းကြောင်းပြောင်းခဲ့ရပြီး နောက်ထပ်လေကြောင်းခရီးစဉ် ၂၀၀ ကျော်မှာ အချိန်နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ထို့ပြင် ရထား ၈၁ စင်းမှာလည်း မြူထူထပ်စွာကျဆင်းမှုကြောင့် ခရီးစဉ်များတွင် သက်ရောက်မှုဖြစ်ပေါ်ခဲ့ရသည်။ ဒေလီမြို့ဝန်းကျင်၌ ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းက မြူများကြောင့် မြင်နိုင်စွမ်းကျဆင်းကာ လမ်းပေါ်ရှိယာဉ်များမှာ အလွန်နှေးကွေးစွာ သွားလာနေရသည်။
ဒေလီလေဆိပ်သည်လည်း ခရီးသွားများအား ခရီးစဉ်များ အချိန်နှောင့်နှေးနိုင်ကြောင်း၊ နောက်ဆုံးသတင်း အချက်အလက်များကို သိရှိနိုင်ရန် မိမိတို့သွားလာမည့် လေကြောင်း လိုင်းနှင့် ဆက်သွယ်မှုပြုလုပ်ကြရန် အကြံပြုထားကြောင်း သိရသည်။
အိန္ဒိယမီးရထားလိုင်းမှ တာဝန်ရှိသူတစ်ဦးကလည်း ဒေလီသို့သွားသည့် ရထားစုစုပေါင်း ၈၁ စင်းသည် မြူခိုးများကြောင့် ရထားခုတ်မောင်းရာတွင် ရှေ့သို့မမြင်နိုင်အောင် ဖြစ်ခဲ့ရသည်ဟု အတည်ပြုခဲ့သည်။
ရုံးသွားသူများနှင့် အခြားသော ခရီးသည်များမှာလည်း နံနက်အစောပိုင်းတွင် မြူများထူထပ်စွာကျဆင်းမှုများနှင့် တွေ့ကြုံခဲ့ရသည်။
Telegram»…
https://t.me/positiveanglenews