သီလဝါဆိပ်ကမ်းတွင် ဆိပ်ကမ်းတံတား ၃ ခု တည်ဆောက်ရေး သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး


(ပြည်တွင်း) ဇန်နဝါရီလ ၄

သီလဝါ ဆိပ်ကမ်းဧရိယာအတွင်း လုပ်ကွက်အမှတ် ၂၇၊ ၂၈၊ ၂၉ တို့တွင် အမေရိကန်ဒေါ်လာ ၆၁ သန်း ရင်းနှီးမြှုပ်နှံ၍ ဆိပ်ကမ်းတံတား ၃ ခု တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံသူများဖြစ်တဲ့ Myanmar Edible Oil Industrial Public Corporation (MEICO)၊ မြန်မာနိုင်ငံလယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း (MAPCO)၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက် (MAGDPL) တို့နှင့် တာဝန်ယူတည်ဆောက်မည့် Myanmar China Harbour Engineering Co., Ltd. (MCHEC) တို့က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ဇန်နဝါရီလ ၂ ရက်တွင် သဘောတူညီမှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဆိပ်ကမ်းတံတား ၃ စင်းတည်ဆောက်မှုက ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးမူဝါဒကြောင့် တိုးတက်လာမည့် ကုန်သွယ်မှုပမာဏကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ရန်အတွက် အဆင် သင့်ဖြစ်မှုကို ရရှိစေနိုင်မည်ဖြစ်ကြောင်းလည်း အဆိုပါလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့တဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောကြားခဲ့ပါတယ်။

Myanmar China Harbour Engineering (MCHEC) နှင့် သဘောတူညီချက်အရ MEICO က သီလဝါ လုပ်ကွက်အမှတ် ၂၇ တွင် စားသုံးဆီဆိပ်ကမ်းတံတား၊ MAPCO က လုပ်ကွက်အမှတ် ၂၈ တွင် ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား၊ MAGDPL က လုပ်ကွက်အမှတ် ၂၉ တွင် ကောက်ပဲသီးနှံဆိပ်ကမ်းတံတား တည်ဆောက်ရေး အတွက် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN