ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များ ထုတ်ပြန်


(ပြည်တွင်း) ဇန်နဝါရီလ ၄

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၆,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခြင်းနှင့် ပြစ်ဒဏ်လျှော့ပေါ့ခြင်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်များထုတ်ပြန် ခဲ့ပါတယ်။

ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံ နေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅,၈၆၄ ဦး ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်တွေအပေါ် လျှော့ပေါ့ပြီး အမိန့်အမှတ် ၂/၂၀၂၅ နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးမှာ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ယောက်ကိုလည်း အမိန့်အမှတ် ၃/၂၀၂၅ နဲ့ ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကနေ ထောင် ဒဏ် ၁၅ နှစ်ကို လျှော့ပေါ့ပြောင်းလဲပြီး ပြစ်ဒဏ်လွတ်ငြိမ်သက်သာခွင့်ပြုခဲ့ပါတယ်။

ဒါ့အပြင် အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူဦးရေ ၁၈၀ ကို အမိန့်အမှတ် ၄/၂၀၂၅ နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေ၊ မတရားအသင်းများအက်ဥပဒေ၊ လက်နက်အက်ဥပဒေတွေ၊ ၂၀၂၃ ခုနှစ် လက်နက် ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေရဲ့ ပြစ်မှုတွေမှအပ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်၊ အချုပ် ထောင်စခန်းအသီးသီးမှာ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကိုလည်း ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာ ခွင့်ကို အမိန့်အမှတ် ၁/၂၀၂၅ နဲ့ ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN