ပိုင်ဆိုင်ထားသည့် နျူကလီးယားအဆောက်အအုံများစာရင်း အိန္ဒိယနှင့် ပါကစ္စတန် အပြန်အလှန်ပေးအပ်


(နိုင်ငံတကာ) ဇန်နဝါရီ ၄

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် ဇန်နဝါရီလ ၁ ရက်တွင် ၎င်းတို့ပိုင်ဆိုင်ထားသည့် နျူကလီးယားအဆောက် အအုံများစာရင်းကို အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် နျူကလီးယားအဆောက်အအုံများ တိုက်ခိုက်မှုတားဆီးရေး နှစ်နိုင်ငံ သဘောတူညီချက်အရ ပိုင်ဆိုင်ထားသည့် နျူကလီးယား အဆောက်အအုံများစာရင်းကို အပြန်အလှန် ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်အရ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ပိုင်ဆိုင်ထားသည့် နျူကလီးယား အဆောက်အအုံများစာရင်းကို နှစ်စဉ် ဇန်နဝါရီလ ၁ ရက်တွင် အပြန်အလှန်ပေးအပ်လေ့ရှိသည်။

ဇန်နဝါရီလ ၁ ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန်တို့အနေဖြင့် နျူကလီးယားအဆောက်အအုံများစာရင်းကို သက်ဆိုင်ရာ သံရုံးများမှတစ်ဆင့် တစ်ချိန်တည်းတစ်ပြိုင်တည်း ပေးအပ်ခဲ့ကြောင်း ပါကစ္စတန်အစိုးရက သတင်းထုတ်ပြန်ထားသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နျူကလီးယားအဆောက်အအုံများ တိုက်ခိုက်မှုတားဆီးရေး သဘောတူညီချက်ကို ၁၉၈၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် နျူကလီးယားအဆောက်အအုံများစာရင်းကို အပြန်အလှန် စတင်ပေးအပ်ခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ချိန် ၁၉၄၇ ခုနှစ်မှစ၍ ဆက်ဆံရေး တင်းမာခဲ့ကြသော နိုင်ငံများဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN