၂၀၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းလာ


(ပြည်တွင်း) ဇန်နဝါရီ  ၃

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား အရေးယူဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်းမှာ ယာဉ်မတော်တဆမှုများ လျော့နည်းလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရပါတယ်။

ရန်ကုန်မြို့၌ ပြေးဆွဲလျက်ရှိတဲ့ YBS ယာဉ်များနှင့်ပတ်သက်သော ယာဉ်တိုက်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု များ လျော့နည်းလာစေရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များသည် နေ့စဉ်လှည့်လည်စစ်ဆေးပြီး စည်းကမ်းမဲ့ YBS ယာဉ်မောင်း များအား အရေးယူခြင်းများဆောင်ရွက်ခြင်းတို့ကြောင့် ၂ဝ၂၄ ခုနှစ်အတွင်းမှာ YBS ယာဉ်မတော်တဆမှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများသည် ၂၀၂၃ ခုနှစ်ကထက် လျော့နည်းကျဆင်းခဲ့လာပါတယ်။

၂၀၂၃ ခုနှစ်က YBS ယာဉ်များ ဘေးတံခါးဖွင့်မောင်းနှင်မှုကြောင့် ယာဉ်ပေါ်မှပြုတ်ကျပြီး သေဆုံးသူခြောက်ဦးနှင့် ဒဏ်ရာရရှိသူ ရှစ်ဦးရှိခဲ့ပြီး YBS ယာဉ်များတစ်စီးနဲ့တစ်စီး ယှဉ်ပြိုင်မောင်းနှင်မှုတို့ကြောင့် လမ်းဖြတ်ကူးသူအား တိုက်မိ သဖြင့် သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉ ဦးရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ ထိုကဲ့သို့ ဘေးတံခါးဖွင့် မောင်းနှင်သော YBS ယာဉ်များနှင့် ယှဉ်ပြိုင်မောင်းနှင်ကြသည့် ယာဉ်များကို အရေးယူဆောင်ရွက်ခြင်းများရှိတာကြောင့် ယာဉ်ပေါ်မှ ပြုတ်ကျ၍ သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရရှိသူ နှစ်ဦးသာရှိခဲ့ပြီး လမ်းဖြတ်ကူးသူအား တိုက်မိသေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာ ရရှိသူ ကိုးဦးအထိ လျော့ကျခဲ့ကြောင်း YTRC မှ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN