တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး The News Person of the Year (2024) ဆုရရှိ


(ပြည်တွင်း) ဇန်နဝါရီ  ၃

Home and Abroad News Press မှချီးမြှင့်တဲ့ The News Person of the Year (2024) ဆုကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ က ရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါဆုပေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ China National Convention Center မှာကျင်းပခဲ့ရာ ဆုရရှိခဲ့တဲ့ မြန်မာသံအမတ်ကြီးမှ နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်တွင် မီဒီယာမဏ္ဍိုင်သည် အရေးပါသောအခန်းကဏ္ဍ ပါဝင်ကာ ယခုခေတ်တွင် ဆိုရှယ်မီဒီယာများ၌ သတင်းအမှားများ၊ ကောလာဟလများ လျင်မြန်စွာထွက်ပေါ်လျက်ရှိသည်ဟု မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အခုလိုထွက်ပေါ်နေခြင်းမှာ နိုင်ငံရဲ့လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတာကြောင့် ထိရောက်စွာ တားဆီးရန်လိုအပ်ပြီး သတင်းများကို မှန်မှန်ကန်ကန် ဖော်ပြပေးနေတဲ့ မီဒီယာများကို လိုအပ်ကာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများကြား နားလည်မှုခိုင်မာပြီး ချစ်ကြည်ရင်းနှီးမှုများ တိုးပွားရန် မီဒီယာသည် ပိုမိုအရေးပါသောအခန်းကဏ္ဍတွင်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာသံအမတ်ကြီးက တရုတ်နိုင်ငံသို့ရောက်ရှိ တာဝန်ထမ်းဆောင်စဉ်မှစ၍ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်အောင် စဉ်ဆက်မပြတ်ကြိုး ပမ်းဆောင်ရွက်မှုများ၊ ဟဲနန်၊ ဟဲဘေ၊ ယူနန်၊ ကျန်းရှီး၊ ကွမ်ရှီး၊ ရှန်းတုံး၊ ကျီလင်း နှင့် အခြားပြည်နယ်များသို့ သွားရောက်၍ စီးပွားရေးဆက်ဆံရေးများကိုထူထောင်ခဲ့ကာ သိသာထင်ရှားသော ပူးပေါင်း ဆောင်ရွက်မှုများ၊ သံအမတ်ကြီး၏ ဆောင်ရွက်ပေးမှုကြောင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုအတွက် ယူနန်-မြန်မာ စီမံကိန်းများကို ပိုမိုနက်ရှိုင်း အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ဆုချီးမြှင့်ခံရခြင်း ဖြစ်ပါတယ်။

အဆိုပါ The News Person of the Year (2024) ဆုက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တရုတ်နိုင်ငံနှင့်သက်ဆိုင်ရာနိုင်ငံများကြား ချစ်ကြည်ရင်းနှီး သောဆက်ဆံရေးများကို တည်ဆောက်ပေးနိုင်ခဲ့တဲ့ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများကို ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါတယ်။

အဆိုပါဆုကို မြန်မာသံ အမတ်ကြီးနှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ ပီရူး၊ ကာဇက်စတန်၊ ဘယ်လာရုစ်၊ သီရိလင်္ကာနှင့် နိုက်ဂျီးရီးယားနိုင်ငံတို့မှ သံအမတ်ကြီးများလည်း ရရှိခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN