(ကျန်းမာရေး)ဇန်နဝါရီ ၄
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ကင်ဆာရောဂါအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကင်ဆာ ကုသရခက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အခုနောက်ပိုင်း ကမ္ဘာ့နိုင်ငံတိုင်းမှာ
ကင်ဆာဖြစ်တဲ့သူတွေ တော်တော်လေးများလာကြပါတယ်။ ကင်ဆာရောဂါအမျိုးအစားပေါင်းက ၂၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားကြပေမယ့် အတိအကျကိုတော့ မပြောနိုင်ကြသေးပါဘူး။ ကင်ဆာရောဂါအမျိုးအစားတွေ ကွာခြားသလိုရောဂါလက္ခဏာတွေကလည်း မတူနိုင်ပါဘူး။ ကုသမှုပုံစံချင်းလည်း ကွာခြားနိုင်ပါသေးတယ်။
ကင်ဆာဆိုတာ ဘာလဲ
ကင်ဆာဆိုတာက ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှုကို ဆိုလိုတာပါ။ ဆဲလ်တွေကြီးထွားလာမှုက အကျိတ်တွေအဖြစ်ပြောင်းလဲသွားပြီး ခန္ဓာ ကိုယ်မှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ရင်သားကင်ဆာ၊ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ Lymphoma (လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ)တွေ အပါအဝင် ကင်ဆာရောဂါအမျိုးအစားတော်တော်များများကိုဖြစ်စေနိုင်ပါတယ်။ ကင်ဆာကို ခွဲစိတ်ကုသတဲ့နည်းလမ်းနဲ့ကုသလို့ရသလို ဓါတ်ကင်တဲ့ကုထုံး ဓါတုကုထုံးတွေနဲ့လည်း ကုသလို့ရပါတယ်။
ကင်ဆာဖြစ်တဲ့အခါ ဒီလိုလက္ခဏာတွေ ခံစားရနိုင်ပါတယ်
ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင် ကင်ဆာရောဂါ ဖြစ်နေနိုင်တာကြောင့် ချက်ချင်း စစ်ဆေးကုသမှုခံယူဖို့ပြောပါရစေ။
• ဝမ်းသွားတဲ့အလေ့အထ၊ ဆီးသွားတဲ့အလေ့ အထတွေပြောင်းလဲလာတာ
• လည်ချောင်းနာတာကတော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေတာ
• ပုံမှန်မဟုတ်ဘဲသွေးဆင်းတာမျိုးဖြစ်တာ
• ရင်သားနဲ့ အမျိုးသားအင်္ဂါတွေမှာ အကျိတ်ဖြစ်လာတာ
• အစာမျိုချရခက်နေတာ၊ အမြဲလိုလို အစာမကြေသလိုမျိုးဖြစ်လာတာ
• ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ကြွက်နို့တွေ၊ မှဲ့တွေက အရွယ်အစား၊ အရောင် နဲ့ ပုံစံတွေပြောင်းလာတာ၊ အရေပြားခပ်ထူထူဖြစ်လာတာ
• အချိန်တော်တော်ကြာတဲ့အထိချောင်းဆိုးမပျောက်ဘဲဖြစ်နေတာမျိုးဖြစ်မယ်ဆိုရင်တော့ ကင်ဆာ အစောပိုင်းလက္ခဏာတွေဖြစ်နေနိုင်ပါတယ်။
ဒါတွေအပြင်ကို
• အစားစားချင်စိတ်မရှိဖြစ်နေတာ
• အကြောင်းအရင်းသေသေချာချာမရှိဘဲ ကိုယ်အလေးချိန်ကျလာတာ
• ခန္ဓါကိုယ်အစိတ်အပိုင်းတွေနဲ့ အရိုးတွေထဲမှာ နာကျင်မှုတွေဖြစ်နေပြီး တဖြည်းဖြည်းနဲ့ပိုဆိုးလာတာ၊ အရင်ကတစ်ခါမှမဖြစ်ဖူးတဲ့ နာကျင်မှုမျိုးနဲ့ နာကျင်တာ
• အမြဲလိုလို ပင်ပန်းနွမ်းနယ်နေတာ၊ မအီမသာဖြစ်နေတာ၊အော့အန်နေတာမျိုးတွေဖြစ်နေတာ
• အမြဲလိုလို အဖျားရှိနေတာ
• တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ရောဂါတွေကို ကုသနေပေမယ့် အမြဲလိုလိုပြန်ဖြစ်ဖြစ်နေတာမျိုးတွေဖြစ်နေရင်တော့ ကင်ဆာရောဂါဖြစ်နေပြီလို့ ဆိုရမယ့် လက္ခဏာတွေပါ။
အဖြစ်များတဲ့ ကင်ဆာရောဂါတွေက
ကင်ဆာရောဂါ အမျိုးအစားပေါင်းက ၂၀၀ ကျော်လောက် ရှိတယ်ဆိုပေမယ့် ကင်ဆာရောဂါတွေအားလုံးက အဖြစ်များတာတော့မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အဖြစ်အများဆုံးကင်ဆာရောဂါတွေကတော့ –
• ရင်သားကင်ဆာ
• အရေပြားကင်ဆာ
• ဆီးကျိတ်ကင်ဆာ
• အဆုတ်ကင်ဆာ
• အသည်းကင်ဆာ
• သားအိမ်ကင်ဆာ
• အူမကြီးကင်ဆာ
• ဦးနှောက်မှာ အကျိတ်ဖြစ်တာ
• သွေးကင်ဆာ
• ကျောက်ကပ်ကင်ဆာ
• ဆီးအိမ်ကင်ဆာ
• ခံတွင်းကင်ဆာတွေက တော်တော်လေးကို အဖြစ်များပါတယ်။
ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကို ဖယ်ရှားပါ
ဆေးလိပ်မသောက်ဘဲနေတာ၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ အရက်အများကြီးမသောက်တာ၊ အသင့်စား အစားအစာတွေကို အများကြီးမစားတာ၊ အနီရောင်အသားတွေကို အတိုင်းအချင့်နဲ့စားသုံးတာ၊ နေရောင်ထဲထွက်တဲ့အခါ နေလောင်ကာခရင်မ်လူးတာ၊ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာတွေ လုပ်မယ်ဆိုရင် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ နဲ့ကောက်နှံတွေပါဝင်အောင် စားသုံးမှုတွေ။ လိုအပ်တဲ့ ကာကွယ်ဆေးတွေထိုးတာမျိုးတွေကနေတဆင့်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။
ကင်ဆာကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော်တော်လေးတော့ များပါတယ်။ အချို့ကင်ဆာရောဂါတွေဆို ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အကြောင်းအရင်းသေသေချာချာမသိရသေးပါဘူး။ ကင်ဆာအချို့က ပတ်ဝန်းကျင်က အရာတွေနဲ့ ဘဝနေထိုင်မှုပုံစံတွေကြောင့် ဖြစ်နိုင်သလို အချို့ကင်ဆာရောဂါတွေကတော့ မျိုးဗီဇကြောင့် ဖြစ်ရတာပါ။ ကင်ဆာရောဂါတော်တော်များများကတော့ ဒီအကြောင်းအရင်းတွေထဲက နှစ်ခု၊ သုံးခုလောက်ပေါင်းမိရာကနေ ဖြစ်ရတာပါ။ ပတ်ဝန်းကျင်မှာ နေ့စဉ်ထိတွေ့နေတဲ့ ဓါတုပစ္စည်းတွေ၊ အစားအသောက်တွေထဲက မမြင်ရတဲ့ ဓါတုပစ္စည်းတွေ၊ တဆင့်ခံဆေးလိပ်ငွေ့တွေ၊နေ့စဉ်ထိတွေ့နေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေထဲက ဓါတုပစ္စည်းတွေကြောင့်ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။နေရောင်ထဲမှာပါတဲ့ခရမ်းလွန်ရောင် ခြည်၊ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံတို့ကြောင့်လည်း ကင်ဆာဖြစ်နိုင်ပါသေးတယ်။အပူချိန် ပြင်းပြင်းနဲ့ ကင်ထားတဲ့ အသားကင်တွေ အစားများတာကြောင့်လည်း ကင်ဆာဖြစ်နိုင်ပါတယ်။
ကင်ဆာဖြစ်ပွားခြင်းကို လျော့ချပေးတဲ့ နေထိုင်စားသောက်မှုပုံစံ
ကျန်းမာသော စားသောက်မှုပုံစံသည် အဝလွန်ခြင်းကို လျော့ချပေးပြီး အချို့ အရွယ်ရောက်သူများ ကင်ဆာဖြစ်ပွားခြင်းကို လျော့ချပေးနိုင်သည်။ အာဟာရ၊ ကိုယ်အလေးချိန်နှင့် ကိုယ်လက်လှုပ်ရှားမှု အကြံပြုချက်များကတော့ –
• အပင် အခြေခံအစားသောက်များဖြစ်သည့် အစေ့အဆံများ၊ အသီးအရွက်၊ သစ်သီးနှင့် ပဲများ ပိုမိုစားသုံးပါ။
• အနီရောင်အသားများကို လျှော့စားပြီး ပြုပြင်ထုပ်ပိုးထားသော အသားများကို ရှောင်ကြဉ်ပါ။
• ကယ်လိုရီမြင့် အစာများနှင့် သကြားပါသော အချိုရည်များ ရှောင်ပါ။
• တာရှည်ခံစာများကို ရှောင်ကြဉ်ပြီးနှင့် ဆားလျှော့စားပါ။
• အရက် သောက်သုံးမှုကို ကန့်သတ်ပါ။
• ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
• ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
အာဟာရကျွမ်းကျင်သူများသည် ကျန်းမာ သော အစားအသောက်စားခြင်းကို အကြံပြုထားပြီး အသီးများ၊ ဟင်းရွက်များနှင့် အစေ့ဆန်များကို အထူးပြုအလေးပေးထားပါတယ်။ ဒါ့အပြင် ကယ်လိုရီစားသုံးမှုထိန်းချုပ်ခြင်းဖြင့် ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။
(Crd: Hello ဆရာဝန်၊ St. Jude together)
#PAN