၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင် ချည်မျှင်နှင့်အထည်အလိပ် ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမည်


(ပြည်တွင်း) ဇန်နဝါရီ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ ပေးလျက် ရှိရာ ယခုနှစ်အတွက် သင်တန်းသား/သူများကို ဇန်နဝါရီလမှစတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အမရပူရမြို့၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ သိရပါတယ်။

ပုံမှန်သင်တန်းအတွက် ၁၀ တန်းအောင်၊ ၈ တန်းအောင်နှင့် ၄ တန်းအောင်များအား အသက် ၁၆ နှစ်မှ ၂၈ နှစ် အတွင်းအိမ်ထောင်မရှိသူ အပျို/လူပျိုများကို ခေါ်ယူသွားမှာ ဖြစ်ပြီး တက်ရောက်ခွင့်ရရှိသော သင်တန်းသား များအနေဖြင့် ပညာသင်ထောက်ပံ့ကြေးများကိုလည်း ပေးအပ်သွားမည်ဖြစ်ကာ အခြားအသက် မွေးဝမ်းကျောင်းသင်တန်း များအတွက် အသက်ကန့်သက်ချက်နှင့် ပညာအရည်အချင်း ကန့်သတ်ချက်မရှိကြောင်း၊ သင်တန်းတိုင်း အတွက် ရေမီးအစုံဖြင့် အဆောင်အခမဲ့ နေထိုင်ခွင့်နှင့် သင်တန်းသုံး ပစ္စည်းများကို အခမဲ့သုံးစွဲခွင့်ရရှိမည် ဖြစ်ကြောင်း သိရပါတယ်။

သင်တန်းကာလအနေဖြင့် ပုံမှန်သင်တန်းများအတွက် တစ်နှစ်သင်တန်း၊ ခြောက်လသင်တန်းနှင့် သုံးလ သင်တန်းရှိပြီး သင်တန်းအမျိုးအမည်အလိုက် ကာလကြာမြင့်မည် ဖြစ်ကြောင်း၊ ပုံမှန်သင်တန်းများတွင် သင်တန်းတက်ရောက်ပြီးပါက နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ချည်မျှင်နှင့် အထည်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနလက်အောက်ရှိ ရုံးခွဲများ ရက်ကန်းကျောင်းများတွင် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်ကြောင်း၊ ကိုယ်ပိုင်ထုတ်လုပ်မှု လုပ်ငန်းများလည်း လုပ်ကိုင်နိုင်ကြောင်း သိရပါတယ်။

အဆိုပါသင်တန်းကျောင်းမှာ လေ့ကျင့်သင်ကြားပေးလျက်ရှိသော ပုံမှန်သင်တန်းများမှာ ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာသင်တန်း၊ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူသင်တန်း၊ ရိုးရာလွန်းရာကျ အချိတ် သင်တန်း၊ လက်ရက်ကန်းသင်တန်း၊ ရွှေချည်ငွေချည်ထိုးသင်တန်းများဖြစ်ပြီး အခြားအသက်မွေးဝမ်းကျောင်း သင်တန်းများမှာ စက်ရက်ကန်း စက်မောင်း/စက်ပြင် သင်တန်း၊ သဘာဝဆေးဆိုးနည်းပညာသင်တန်း၊ အထည်ပန်း ပုံရိုက်ဆေးရေး ပန်းချီသင်တန်း၊ရိုးရာဂျပ်ခုတ် နည်းသင်တန်း၊ အခြေခံစက်ချုပ် နည်းပညာသင်တန်း၊ လက်ရက်ကန်း အထည် ဒီဇိုင်းသင်တန်း၊ အခြေခံမော်တော် ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံလျှပ်စစ်သံဂဟေ ဆက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်းသိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN