(နိုင်ငံတကာ) ဇန်နဝါရီ ၂
အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးမူဝါဒများသည် ထိုင်းနိုင်ငံ၏စီးပွားရေးကို ဘတ်ဘီလီယံ ၁၆၀ ထိခိုက်ဆုံးရှုံးစေမည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်ရေးတွင် ဘက်မလိုက် ရပ်တည်ချက်ကိုသာ ဆက်လက်စွဲကိုင်ထားရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ကုန်သည်ကြီးများအသင်း က သတိပေးထားသည်။
ထရမ့်၏ကုန်သွယ်ရေး မူဝါဒများသည် အမေရိကန်-ထိုင်းကုန်သွယ်ရေး၌ ထိုင်းနိုင်ငံက ကုန်သွယ်ရေး ပိုငွေပြလျက်ရှိသော ပို့ကုန်များအပေါ် သက်ရောက်စေမည်ဖြစ်ကြောင်း၊ ထို့အတူ ဆောက်လုပ်ရေး နှင့် စိုက်ပျိုးရေးကဏ္ဍများသည်လည်း ထိုမူဝါဒများ၏သက်ရောက်မှုကို ခံစားရနိုင်ဖွယ်ရှိကြောင်း ကုန်သည်ကြီးများ အသင်း၏ ဥက္ကဋ္ဌက ဆက်ပြောသည်။
အမေရိကန်က တရုတ်နိုင်ငံမှပို့ကုန်များအပေါ် ထပ်ဆောင်း အခွန်များစွာကောက်ခံရန် ပြင်ဆင်နေခြင်းက ထိုင်းနိုင်ငံ၏ ဈေးကွက်အတွင်းသို့ တရုတ်ကုန်ပစ္စည်းများ ဝင်ရောက်လာနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံသည် ပြည်တွင်းစက်မှုလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းထားပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဖိတ်ခေါ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောထားသည်ဟု NT သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews