မိတ္တီလာမြို့တွင် သားအမိတော်စပ်သူ အမျိုးသမီး ၂ ဦး နေအိမ်၌ ရှိနေစဉ် သတ်ဖြတ်ခံရ


(မှုခင်း) ဒီဇင်ဘာ ၃၀

မန္တလေးတိုင်း၊ မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ဝမ်းတော်ပြည့်တိုးချဲ့ နယ်မြေ (၈)တွင် ယမန်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်ခန့်က သားအမိတော်စပ်သူ အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ဦးယဉ်ထွေး၊ ၅၄ နှစ်၊ (ဘ)ဦးခင်မောင်၊ ရတနာမိုးဆီစက်လုပ်ငန်း၊ နယ်မြေ(၈)၊ ကျီတော်ကုန်းရပ်ကွက်၊မိတ္ထီလာမြို့နေသူသည် ၎င်းပိုင်သော မိတ္ထီလာမြို့ နယ်၊ ကန်သာကျေးရွာအုပ်စု၊ စက်မှုဇုန်(၁)လမ်းရှိ ဆီစက်တွင်ရှိနေစဉ် ဇနီးဖြစ်သူ ဒေါ်တင်မာဝင်း၊ ၅၃ နှစ်၊ (ဘ)ဦးအောင်သန်းနှင့် သမီးဖြစ်သူ မခိုင်ယဉ်ထွေး၊ ၁၉ နှစ်၊ (ဘ)ဦးယဉ်ထွေး၊ နယ်မြေ(၈)၊ ကျီတော်ကုန်းရပ်ကွက်၊ မိတ္ထီလာမြို့နေသူတို့သည် နေအိမ်တွင်ရှိနေစဉ် အမည်မသိ အမျိုးသားများ ဝင်ရောက်နေကြောင်း၊ နေအိမ်အတွင်း အော်ဟစ်ရန်ဖြစ်သံများကြားရကြောင်း ကျီတော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖုန်းဆက်အကြောင်း ကြားသဖြင့် ဦးယဥ်ထွေးမှ နေအိမ်သို့သွားရောက်ခဲ့ရာ နေအိမ်အဝင်ပေါက်ဧည့်ခန်းတွင် ဇနီးဖြစ်သူ ဒေါ်တင်မာဝင်း နှင့် သမီးဖြစ်သူ မခိုင်ယဉ်ထွေး တို့ ၂ ဦးစလုံး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဦးယဥ်ထွေး၏ ပြောကြားချက်အရ သိရသည်။

မိခင်ဖြစ်သူ ဒေါ်တင်မာဝင်း သည် ယာလည်ပင်းပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်အလယ်ထိုးသွင်းဒဏ်ရာ ၃ ချက်၊ ရင်ညွန့် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲ-လက်ခလယ် ပြတ်ရှဒဏ်ရာ၊ ဝဲ-နံစောင်းထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း သမီးဖြစ်သူ မခိုင်ယဉ်ထွေးတွင် ဝဲ-ရင်အုံ ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲ-နံစောင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဆီးခုံပေါ်ပြတ်ရှဒဏ်ရာ ၁ ချက်၊ နောက်ကျော ထိုးသွင်းဒဏ်ရာ ၃ ချက်၊ ဝဲ/ယာခါးထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲ-ပေါင်ရင်း ပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် လည်းကောင်း ၂ ဦးစလုံး သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရသည်။

၎င်းနောက် သက်ဆိုင်ရာသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ရာ ည ၇ နာရီ ၄၀ မိနစ် အချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်နောက်ဖေးတွင် ပုန်းခိုနေသူ ခန့်ဇော်ဟိန်း၊ ၁၇ နှစ်၊ (ဘ)ဦးသက်နိုင်၊ သဘွတ်စုကျေးရွာအုပ်စု၊ တောင်သာမြို့နယ်၊ စွမ်းပြည့်ပိုင်၊၂၀ နှစ်၊ (ဘ)ဦးသက်ဇော်အောင်၊ နယ်မြေ(၄)၊ ဆရာစံရပ်ကွက်၊ တပ်ကုန်းမြို့၊ ထက်မင်းခန့်၊ ၂၂ နှစ်၊ (ဘ)ဦးစိုးမင်း၊ ဘုရင့်နောင်ရပ်ကွက်၊ တပ်ကုန်းမြို့နေသူတို့ ၃ ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ၎င်းတို့အား မေးမြန်ခဲ့ရာ ယင်းနေ့ ည ၇ နာရီအချိန်တွင် စွမ်းပြည့်ပိုင်မှ သစ်သားရိုးတပ် အရိုးအသွား ၈ လက်မခန့်ရှိ ဓါးဦးချွန် ၁ ချောင်းအား အသင့်ကိုင်ဆောင်၍လည်းကောင်း၊ ခန့်ဇော်ဟိန်းမှ သံရိုးတပ် အရိုးအသွား ၁၂ လက်မခန့်ရှိ ဓါးဦးချွန် ၁ ချောင်းအား အသင့်ကိုင်ဆောင်၍ လည်းကောင်း၊ ထက်မင်းခန့် နှင့်အတူ ၎င်းတို့(၃)ဦးသည် စွမ်းပြည့်ပိုင်နှင့် လွန်ခဲ့သော ၂ လခန့်က လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြပြီး အဆက်အသွယ်ဖြတ်သွားခဲ့သည့် မခိုင်ယဥ်ထွေး အား မကျေနပ်သဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ မခိုင်ယဥ်ထွေး ၏နေအိမ်သို့ရောက်ရှိစဥ် နေအိမ်တံခါးဖွင့်ခိုင်းရာ ဒေါ်တင်မာဝင်း မှ တံခါးဖွင့်ပေးသဖြင့် နေအိမ်ဧည့်ခန်းအတွင်း စကားများရန်ဖြစ်ရာ ဒေါ်တင်မာဝင်း က ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့သောကြောင့် စွမ်းပြည့်ပိုင် က အသင့်ပါလာသော ဓါးဖြင့် မခိုင်ယဥ်ထွေး အား ထိုးသတ်ခဲ့ကြောင်း၊ ခန့်ဇော်ဟိန်းက ဒေါ်တင်မာဝင်းအား ထိုးသတ်ခဲ့ပြီး ထက်မင်းခန့်မှ ဝိုင်းဝန်းချုပ်နှောင် ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ထွက်ဆိုချက်အရ သိရသည်။

အမျိုးသမီး နှစ်ဦးအား သေဆုံးသည့်အထိ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် စွမ်းပြည့်ပိုင်၊ ခန့်ဇော်ဟိန်း၊ ထက်မင်းခန့်တို့ ၃ ဦးအား အမှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN