တစ်နှစ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် (၁၀)ရက်ခန့်သာ ရရှိနိုင်တဲ့ ငါးသိန်းတုတ်ငါးရဲ့ ကျန်းမာရေးအကျိုးများ


(ကျန်းမာရေး) ဒီဇင်ဘာ ၃၀

ငါးသိန်းတုတ်ငါးလေးများသည် အရွယ်အစားသေးငယ်သော ငါးလေးများဖြစ်ကြပြီး Anchovy Fish အုပ်စုဝင်များ ဖြစ်ကြသည်။ ငါးသိန်းတုတ်ငါးလေးများသည် ရာသီပေါ်ငါး​လေး တစ်မျိုးဖြစ်ပြီး ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်၊ ဂွမြို့နယ် ကျိန်တလီ၊ ကင်းမော်၊ ကျောက်ဆိပ် ဒေသတဝိုက်တွင် တစ်နှစ်လျှင်တစ်ကြိမ် မိုးနှောင်းကာလ၊ မိုးအကုန် ဆောင်းအကူးကာလ၊ ဆောင်းရာသီကာလတွင်သာ ရမိတတ်ကြသည့် ရေချိုရေငန်စပ် ငါးလေးများ ဖြစ်ကြပါသည်။

တွေ့ရှိသည့် ဒေသ

မြန်မာနိုင်ငံတွင် ငါးသိန်းတုတ်ငါးလေးများကို ရခိုင်ပြည်နယ်၊ တောင်ပိုင်း ဒေသတွင်သာ အများဆုံးတွေ့ရလေ့ရှိပြီး ကရင်ပြည်နယ်၊ ဘားအံဒေသတဝိုက်၊ မွန်ပြည်နယ် မော်လမြိုင်၊ ဘီးလင်းဒေသတဝိုက်နှင့် တနင်္သာရီဒေသဘက်တို့တွင်လည်း ဆောင်းတွင်းကာလ ဒီဇင်ဘာလတွင် အသင့်အတင့်တွေ့ရှိရပါသည်။

ဒေသအလိုက် အခေါ်အဝေါ်

ထွက်ရှိရာဒေသအလိုက် အခေါ်အဝေါ်အရ အဆိုပါငါးလေးများကို ရခိုင်ဘက်တွင် ငါးသေးနုပ်ဟုခေါ်ဆိုကြရာမှ ငါးသိန်းတုတ်ဟု ပြောင်းလဲခေါ် ဆိုကြသည်။ ရခိုင်ပြည်နယ်တွင် ရာသီပေါ်ငါးလေးဖြစ်သည့် ငါးသိန်းတုတ်ကို တစ်နှစ်လျှင်တစ်ကြိမ် ရာသီပေါ်စာအဖြစ် အမြတ်တနိုးစားသုံးလေ့ရှိကြသည်။ ငါးသိန်းတုတ်ကို ရေချိုရေငန်စပ်ရှိရာ ချောင်းများတွင် အုပ်စုလိုက် ဆန်တက်၍လာသည့်အချိန် ဇာခြင်ထောင်ကဲ့သို့ ဇာပိုက်မျိုးဖြင့်ကျော့၍ အလွယ်တကူဖမ်းယူကြသည်။

ကရင်​ပြည်နယ် ဘားအံဒေသတွင်မူ ငါးမှုန်၊ ငါးလောက် ဟူ၍ ခေါ်ဝေါ်ကြပြီး တခြားဒေသအခေါ်အရ ငါးကျောက်ကပ်၊ ငါးဖြူလေး၊ ငါးထမင်း၊ ငါးသေးနုပ်၊ ငါးရွှေမှုန်စာဟူ၍ အခေါ်အဝေါ် အမျိုးမျိုးလည်း ရှိကြပါသေးသည်။ ငါးပုံသဏ္ဌာန်မှာ မုန့်လက်ဆောင်းဖတ်လိုလို၊ မုန့်ဗိုင်းတောင့် လိုလို သေးသေးရှည်ရှည်လေး ဖြစ်ပြီး အသားနုသော Anchovy အသေးစား ငါးအုပ်စု အမျိုးအစားတွင် ပါဝင်ကြပါသည်။

ရမိသည့်ကာလ

ကရင်ပြည်နယ် ဘားအံဒေသတွင် ငါးလောက်ခေါ် ငါးသိန်းတုတ် လေးများကို တစ်နှစ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် (၁၀)ရက်ခန့်သာ ရရှိနိုင်ကြောင်းနှင့် များသောအားဖြင့် ဆောင်းရာသီ အေးသည့်ကာလ ဒီဇင်ဘာလတွင်သာ အများဆုံးတွေ့ရှိရကြောင်း ဒေသခံရေလုပ်သားများ၏ ပြောကြားချက်အရ သိရှိရသည်။ ငါးလောက်ခေါ် ငါးသိန်းတုတ်များ ရေချိုဆန်တက်ချိန် ဘားအံအနီးဖြတ်ချိန် ထောင်ဝိတောင် အစွန်းဘက်တွင် ရေလုပ်သားများမှ လှေဖြင့် ဇာပိုက်ဖြင့် ကျော့ယူ၍ အလွယ်တကူ ဖမ်းဆီးလေ့ရှိကြသည်။

ဥအုခြင်းနှင့် သားပေါက်ခြင်း

ငါးသိန်းတုတ် ငါးလေးများမှာ ပင်လယ်ထဲတွင် သားပေါက်ကြပြီး ရေချိုရေငန်စပ်ရှိရာ ချောင်းဖျားကို ပြန်တက်လာချိန်တွင် ဖမ်းဆီးကြသည်ဟု သိရပါသည်။ ငါးသိန်းတုတ်ငါးများ ဥချချိန်၊ သားပေါက်ချိန်ဆို သားပေါက်ပြီး ငါးသိန်းများသည် ရေချိုရှိရာဒေသသို့ ရေဆန်ကို ဆန်တက်လာတတ်သည့်ငါးတစ်မျိုးဖြစ်ပြီး သားပေါက်နှုန်းကောင်းလွန်း၍ ငါးသိန်းငါး တက်ချိန်ဆို ငွေရောင်သံဇကာ ဖြန့်ကျဲထားသလို မြင်ရသော ငါးတစ်မျိုးဖြစ်ပြီး အမြင်တစ်မျိုး လှပကြသည်ဟု ဒေသခံ​များ၏ ပြောကြားချက်အရ သိရပါသည်။

စျေးကွက်ဝင်ငါး

ငါးသိန်းတုတ်ငါး ပေါ် ဦးပေါ်ဖျား မိုးနှောင်းကာလတွင် ရခိုင်ဒေသမှထွက်ကုန်များ ရောင်းချကြသော တိမ်တမန်တွင် တစ်ဆယ်ကျပ်သားခန့် နို့ဆီဗူးတစ်ဗူးလျှင် ၈၀၀၀ ကျပ် ခန့်ပေးဝယ်ရပြီး၊ နောက်ပိုင်းတွင်မှ တစ်ဗူးလျှင် ၅၀၀၀ ကျပ်ခန့် ရောင်းချလေ့ရှိကြပါသည်။ ငါးသိန်းတုတ်ငါးလေး တစ်ပိဿာကို (၇၀၀၀၀-၈၀၀၀၀) ကျပ်ခန့်ထိ သောင်းချီပေးဝယ်ရပြီး စျေးကောင်းသော ရာသီပေါ် ငါးလေး တစ်မျိုးလည်း ဖြစ်သည်။

ငါးသိန်းငါးစားဖွယ်စုံ

ခေါင်းတစ်ရာသားလို့ဆိုရမည့် ငါးသိန်းတုတ်ငါးလေးများကို ဒေသခံများမှာ အုန်းနို့နှင့် ချက်စားတာကို “ငါးသိန်း အုန်းဆီချက်တယ်” ဟု ပြောကြပါသည်။ ငါးသိန်းအုန်းဆီချက်မှာ အရောင်ဝင်းဝါဝါလေးနှင့် အရသာမှာ ဆိမ့်ဆိမ့်မွှေးမွှေးလေး ဖြစ်နေ၍ လူကြိုက်များကြပါသည်။ ထို့ပြင် ငါးသိန်းငါးကို အကြွပ်ကြော်စားခြင်း၊ အိုးကပ်ချက်စားခြင်း၊ အချိုကြော်စားခြင်း၊အစပ်ချက်ခြင်း၊ ရခိုင်အစိမ်းသုပ်အပြင် ငါးသိန်းငါးကို မုန့်နှစ်ဖြင့် ကြော်စား၊ပြုတ်ပြီး သုပ်စားကြပါသည်။အရသာမှာ နူးညံ့ပြီး အတော်လေးဆိမ့် သည့် ငါးတစ်မျိုးဖြစ်ပါသည်။ ဟင်းချိုချက်ရာတွင်လည်း ရေနွေးပွက်သည်နှင့် ငါးသိန်းငါးအနည်းငယ်ထည့်ချက်ပါက ဟင်းရည်အရသာကို ထူးကဲစေပါသည်။ာပြည်ပနိုင်ငံတချို့တွင် ငါးသိန်းငါးကို ပါကင်လှလှလေးဖြင့် ထုပ်ပိုးပြီး noodle fish ဟူ၍ ရောင်းချကြကြောင်း သိရသည်။ ငါးသိန်းငါးမှာ စျေးကောင်းလှသလို အရသာမှာလည်း ထူးခြားကောင်းမွန်လှသည့်ငါးလေးဖြစ်သည်။

ငါးသိန်းတုတ်ငါးလေးများ၏ အာဟာရတန်ဖိုး

ငါးသည် မြန်မာအစားအစာများတွင် မပါမဖြစ်အရေးကြီးပြီး တိရစ္ဆာန်မှရသော အရည်အသွေးပြည့်သည့် အသားဓာတ်ကို ပေးနိုင်ပါသည်။ ငါးတွင် ခန္ဓာကိုယ်ကြီးထွားမှုအတွက် အရေးပါသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါရှိပါသည်။ ထိုဗီတာမင်နှင့် သတ္တုဓာတ်များ ခန္ဓာကိုယ်တွင် လုံလောက်စွာ မရှိပါက အာဟာရချို့တဲ့မှုနှင့် ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

ဟားဗတ်တက္ကသိုလ် လူထုကျန်းမာရေးဆိုင်ရာ ပရော်ဖက်ဆာများ၏ လေ့လာတွေ့ရှိချက်အရ ငါးတွင်ပါဝင်သော Omega-3 fatty acid ကို တစ်ပတ်လျှင် ၂ ဂရမ်စားပေးခြင်းဖြင့် နှလုံးရောဂါကြောင့် သေဆုံးမှုကို သုံးပုံတစ်ပုံခန့် လျှော့ချပေးနိုင်သည်ဟု ဆိုပါသည်။ ငါး ၂ ဂရမ်ဆိုသည်မှာ တစ်ပတ်လျှင် ငါး ၂ ကြိမ်စားခြင်းနှင့် ညီမျှပါသည်။

အစာစားသည့်အခါတွင်လည်း ငါးနှင့် တွဲဖက်စားသုံးပေးခြင်းဖြင့် အစားအစာများတွင်ပါရှိသော အာဟာရဓာတ်များကို ခန္ဓာကိုယ်က ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်စေပါသည်။ငါးသိန်းတုတ်ငါးကလေး

များကို ခေါင်းနှင့် အရိုးအပါအဝင် တစ်ကောင်လုံး စားသုံးခြင်းဖြင့်ကယ်လ်စီယမ်(ထုံးဓာတ်)၊ ဗီတာမင် အေ၊သံဓာတ်နှင့် သွပ်ဓာတ်များ ကြွယ်ဝစွာရရှိနိုင်ပါသည်။ ငါးသိန်းတုတ်ငါးကလေးများတွင် ဗီတာမင်အေ၊ ဇင့်၊ သံဓာတ်၊ ကယ်လ်စီယမ်နှင့် ဗီတာမင်-၁၂ တို့ ပါဝင်ပါသည်။ ကိုယ်ဝန်စရှိသည့်အချိန်မှ ကလေးအသက်(၂)နှစ်အထိ ရက်ပေါင်း ၁၀၀၀ အတွင်း ငါးသိန်းတုတ်ငါးကလေးများကို ပုံမှန်စားသုံးခြင်းဖြင့် အာဟာရချို့တဲ့မှုကို ကာကွယ်နိုင်ပါသည်။ ငါးသည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစားအစာအုပ်စုတွင် ပါဝင်ပြီး ပရိုတင်း(အသားဓာတ်) ကြွယ်ဝသည့် အစားအစာများဖြစ်ပြီး ကြွက်သားများ အပါအဝင် ကိုယ်ခန္ဓာနှင့် ကိုယ်ခံအားစနစ်ကို တည်ဆောက်ပေးသည်။

ငါးသိန်းတုတ်ငါးလေးများ စားသုံးခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ ဒေသစျေးများတွင် အလွယ်တကူ ရရှိနိုင်ခြင်း၊ ငါးသိန်းတုတ်ငါးလေးများအား အသင့်အတင့်စားပေးရုံဖြင့် အာဟာရဓာတ်များ အများအပြားရရှိနိုင်ခြင်း၊ ငါးသိန်းတုတ်ငါးကလေးများသည် ငါးအစို၊ငါးအခြောက်၊ ငါးချဥ်၊ငါးပိ စသော ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပြုလုပ်စားသုံးနိုင်သော အာဟာရမြင့် အစာဖြစ်ခြင်း၊ ပမာဏ နည်းနည်းချင်းလည်း ဝယ်ယူနိုင်ခြင်း၊ အခြားဟင်းသီးဟင်းရွက်များနှင့် ရောနှောချက်ပြုတ်စားသုံးနိုင်ခြင်းကြောင့် အိမ်သားများအားလုံး မျှဝေစားသုံးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ငါးသည် အရည်အသွေးမြင့် တိရစ္ဆာန်ထွက် ပရိုတင်းအရင်းအမြစ်တစ်ခုဖြစ်ပြီး ၄င်းပရိုတင်းဓာတ်ကို ကျွန်ုပ်တို့ခန္ဓာကိုယ်မှ အလွယ်တကူစုပ်ယူနိုင်ပါသည်။ ငါးသည် အခြားအစားအစာမှ အာဟာရဓာတ်များ စုပ်ယူနိုင်မှုကိုလည်း ကူညီပေးသည်။

ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များ ကြီးထွားနှုန်းနှင့် ကျန်းမာသန်စွမ်းနိုင်ရန် မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ်များကို ငါးသိန်းငါးငယ်လေးများအား အရိုး၊ ခေါင်း အပါအဝင် တစ်ကောင်လုံးစားပေးခြင်းဖြင့် ရရှိနိုင်ပါသည်။

ငါးသိန်းငါးငယ်ကလေးများအား ဟင်းသီးဟင်းရွက်များ၊ အခြားသီးနှံများနှင့် ရောနှောချက်ပြုတ်စားသောက်ခြင်းဖြင့်လည်း ညီညွတ်မျှတသော အာဟာရကို ရရှိစေပါသည်။

“ချမ်းသာချင်ရင် ခေါင်းတစ်ရာသား စားပါ” ဆိုပြီး ရှေးလူကြီးများ ဆုံးမခဲ့သည့် ဆိုရိုးစကားအတိုင်း ကုန်ကျစရိတ်လည်း သက်သာ၊ အာဟာရဓာတ်လည်း ပေါများကြွယ်ဝသည့် ငါးသိန်းတုတ်ငါးသေးသေး လေးများသည် မိသားစုထမင်းဝိုင်းအတွက် ဟင်းကောင်းတစ်ခွက်ပဲ ဖြစ်ပါသည်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”

Telegram»…
https://t.me/positiveanglenews

PAN