ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေး


(ပြည်တွင်း) ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခအခြေအနေတွေကို သုံးသပ်ဆွေးနွေးနိုင်ဖို့ အပါအဝင် ငြိမ်းချမ်းရေးနဲ့ ညီညွှတ်ရေးအတွက် ရှေ့ရှုဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ဘားအံမြို့မှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကိုတော့ ဘားအံမြို့၊ ခလောက်ထောင်ကျေးရွာမှာရှိတဲ့ ဗုဒ္ဓဂယာမှာ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၈ နာရီအချိန်ကနေ ၁၁ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆွေးနွေးပွဲကို ဘားအံ၊ လှိုင်းဘွဲနဲ့ ကော့ကရိတ်မြို့နယ်တွေမှာရှိတဲ့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာတွေက ဘာသာရေးခေါင်းဆောင်တွေ လာကယ်၊ မွန့်ဆရီး စတဲ့ ဘာသာရေးအဖွဲ့အစည်း ဂိုဏ်းခွဲတွေကတာဝန်ရှိပုဂ္ဂိုလ် စုစုပေါင်း (၃၀) ဦး ပါဝင်တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဆွေးနွေးပွဲမှာထုတ်ခဲ့တဲ့ အချက်ငါးချက်ပါ သဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ချက်ထဲမှာတော့ တိုင်းပြည်ကို ဆုတ်ယုတ်ပျက်စီးစေသည့် ပြည်တွင်းစစ်မီးအား စစ်မှန်သောငြိမ်းချမ်းရေး ရေစင်ရေအေးနှင့် တရားမျှတမှုအစီအမံတို့ဖြင့် အပြီးတိုင်ချုပ်ငြိမ်းစေ၍ ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ကို ဝိုင်းဝန်းတည် ဆောက်ရန်၊ မိမိယုံကြည်ရာ ဘာသာသာသနာကို အလေးအမြတ်ထား၍ မတူတာကို ရှောင်ရှားပြီး တူရာကို ပူးပေါင်းဆောင်ရွက်ရန်၊ မည်သည့်အဖွဲ့အစည်းမဆို မည်သည့်ကိစ္စကဏ္ဍမဆို ပြုမူဆောင်ရွက်ရာတွင် ပြည်သူသို့ မျက်နှာမူရန်၊ တခုတည်းသော ကရင်အမျိုးသားအလံတော်အောက်တွင် မစုစည်းနိုင်သေးခင် ကရင်အချင်းချင်း မတိုက်ခိုက်ရေးမူကိုအလေးပြုရန်၊ ကရင်အမျိုးသားနိုင်ငံရေးပါတီများ တပါတီတည်းဖြစ်ရေးကို ရှေးရှုဦးတည်ရန် စတဲ့အချက်တွေပါဝင်တယ်လို့သိရပါတယ်။

အဆိုပါသဘောထားထုတ်ပြန်ချက်ကိုတော့ ဘဒ္ဒန္တစန္ဒာဝရ၊ ဗုဒ္ဓဂယာ၊ ဘားအံမြို့၊ ဘီးရှော့ဒေါက်တာမာကုစောမောင်ဒို (နယ်စီးသာသနာပိုင်၊ ဘားအံအင်္ဂလီကန် ခရစ်ယာန်သာသနာနယ်၊ ဘီးရှော့ကုန်း၊ မာန်စဝ်တါ်လုံ.ယှင် (လာကယ်သာသနာ၊ ဘားအံမြို့) တို့ကလက်မှတ်ရေးထိုးကာ သဘောထားထုတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN