(ပြည်တွင်း) ဒီဇင်ဘာ ၂၈
၂၀၂၄ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်များ နောက်ဆုံးအဆင့်ရွေးချယ်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။
အဆိုပါ ရွှေကြိုမောင်မယ်များ ပဏာမလူတွေ့စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၁၅ ရက်က ပြုလုပ်ခဲ့ပြီး လာရောက်ရွေးချယ်ခံကြသည့် မောင်မယ်ဦးရေ ၂၀၀ ကျော်အနက် ဦးရေ ၉၀ ကျော်ကို ပထမအဆင့်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် မောင်မယ်ဦးရေ ၅၅ ဦးကို ဒုတိယအဆင့်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒုတိယအဆင့် ၅၅ ဦးမှ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဇန်နဝါရီလ ၅ ရက်မှာ မောင်မယ်ဦးရေ ၂၀ ကို အပြီးသတ်ရွေးချယ်သွားမှာဖြစ်ပါတယ်။
နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ ရွှေကြိုမောင်မယ်များအနေနဲ့ TikTok တွင် Trend ဖြစ်သည့် အကြောင်းအရာများအနက် မိမိနှစ်သက်ရာ အကြောင်းအရာတစ်ခုကို ရွေးချယ်ရိုက်ကူးထားသော TikTok Video ကို ရွှေကြိုရွေးချယ်ရေးအဖွဲ့၏ Telegram သို့ ပေးပို့ရမှာဖြစ်ပြီး၊ ကျပန်းဇာတ်ကောင်စရိုက်များဖြင့် ယှဉ်ပြိုင်ရမှာဖြစ်လို့ ဗဟုသုတကျပန်းမေးခွန်းများ ဖြေကြားရမှာဖြစ်ကြောင်းသိရပါတယ်။