(ပြည်တွင်း) ဒီဇင်ဘာ ၂၇
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ ဝါးအလယ်ကျွန်း (Wa Ale Resort) အပန်းဖြေစခန်းသို့ ယခုနှစ်ခရီးသွား ရာသီတွင် ရုရှား၊ အီတလီ၊ ယူကေနှင့် ဥရောပနိုင်ငံအချို့မှ နိုင်ငံခြားသား ခရီးသွားများ လာရောက်အပန်းဖြေ လည်ပတ် လျက်ရှိကြောင်း လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ သိရပါတယ်။
ဝါးအလယ်ကျွန်း (Wa Ale Resort) အပန်းဖြေစခန်းသို့ လာရောက်ကြတဲ့ နိုင်ငံခြားသား ခရီးသွားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၈၀၀ နှင့် နှစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ နှုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး သဘာဝ ပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရုက္ခနှင့်ဇီဝကို ထိခိုက်မှုမရှိသော ခရီးသွားဝင်ရောက်မှုရပ်ဝန်းတစ်ခုအဖြစ် သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ ကိုလည်း ဖော်ဆောင်လျက်ရှိပါတယ်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်တွင် နို့တိုက်သတ္တဝါ ၄၀ ခန့်၊ ငှက်မျိုးစိတ် ၂၈၈ မျိုး၊ ငါးမျိုးစိတ် ၄၂ မျိုး၊ ကဏန်း/ ပုစွန် ၄၂ မျိုး၊ အပင်ငယ် ၁၃၆ မျိုး၊ ကုန်းနေ/ရေနေ အကောင်ငယ် ၁၅၁ မျိုး၊ သစ်တောမျိုးစိတ် ၁၉၆ မျိုး၊ ဒီရေတောအပင် ၆၃ မျိုးနှင့် ပင်လယ်မြက်ကိုးမျိုးတို့ ရှင်သန်လျက်ရှိပါတယ်။
ဒါ့အပြင် ကမ္ဘာပေါ်၌ အောက်ချင်းငှက် ၆၁ မျိုး ရှိရာမှ မြန်မာနိုင်ငံတွင် အောက်ချင်းငှက် ၁၁ မျိုးရှိပြီး မြိတ်ကျွန်းစု၌ အောက်ချင်းငှက်ကိုးမျိုး နေထိုင်ကျက်စားလျက်ရှိပါတယ်။
ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များထူးခြားစွာတည်ရှိနေသည့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်သည် တနင်္သာရီ တိုင်းဒေသကြီး မြိတ်ကျွန်းစု၌တည်ရှိပြီး အမြဲစိမ်းသစ်တောများ၊ လမုတောများ၊ ပင်လယ်မြက်နှင့် ပင်လယ်ရေမှော်များ၊ ရှားပါးအပင်များ၊ သန္တာကျောက်တန်းများနှင့် ကမ္ဘာတွင် မျိုးသုဉ်းရန်ရင်ဆိုင်နေရသည့် ကုန်းနေ၊ ရေနေသတ္တဝါများ ရှင်သန်ကျက်စားလျက်ရှိကြောင်း လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်မှ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews