ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ


(ပြည်တွင်း) ဒီဇင်ဘာ ၂၆

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့ နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေ၊ ၆၆ နှစ်၊ (ဘ)ဦးလှရွှေသည် ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၌ရှိနေစဉ် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစန်းငွေတွင်ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင် သတင်းပေးမှုများကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်တွင် လုပ်ကြံပစ်ခတ်မှ ကျူးလွန်သူများဖြစ်ကြသည့် တရားခံ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်၊ ၂၉ နှစ်၊ (ဘ)ဦးသိန်းဇော် နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်၊ ၂၃ နှစ်၊ (ဘ)ဦးမြင့်တို့အား ၎င်းတို့နေထိုင်ရာ အင်းစိန်မြို့နယ်၊ အောင်ဆန်း ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အမှတ်(၇၈၂)နေအိမ်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် CZ 2075 RAMI P အမျိုးအစား အနက်ရောင်ပစ္စတို သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ လုပ်ကြံပစ်ခတ်စဉ်အတွင်း အသုံးပြုစီးနင်းခဲ့သည့် ယာဉ်အမှတ် YGN-8 GG-6136 Fielder အဖြူရောင်အငှားယာဉ်တို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ် တို့၏ ထွက်ဆိုချက်အရ လုပ်ကြံပစ်ခတ်မှုအတွင်း ပါဝင်သူ ထန်းတပင်မြို့ နယ်၊ ရေတွင်းကုန်းကျေးရွာ၊ ရေတွင်းကုန်း-ဝါးတရာလမ်း၊ “စိုင်းသူအောင်”အဆောင်နေ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ ၃၁ နှစ်၊ (ဘ)ဦးမြင့်ဦးအား ယင်းနေ့ ည ၁၀ နာရီခွဲတွင် Glock အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တရားခံ မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းရဲကျော်စွာ(၅)လမ်း၊ အိမ်အမှတ်(၁)နေ စိုင်းနောင်ထက်(ခ)အာကြီး၊ ၂၇ နှစ်၊ (ဘ)ဦးဇော်ဝင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိုင်းနောင်ထက်(ခ)အာကြီးအား ၎င်းနေထိုင်သည့် အဆောက်အဦပထမထပ်၏ ထပ်ခိုးပေါ်တွင် အနက်ရောင်စက္ကူဘူးအတွင်းထည့်၍ ဝှက်သိမ်းထားသည့် SIG SAUER အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 mm ကျည် ၃၃ တောင့်နှင့် မီးခိုးဗုံး ၂ လုံး တို့နှင့်အတူ ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ တရားခံ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့ ၃ ဦး၏ထွက်ဆိုချက်များအရ ၎င်းတို့ ၃ ဦးသည် Free Land Attack Force(FLA) အမည်ခံ အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြပြီး ၎င်းအဖွဲ့တွင် အဖွဲ့ဝင် ၁၅ ဦးခန့်ရှိကာ အဖွဲ့ခေါင်း ဆောင်မှာ ဖမ်းဆီးရန်ကျန် တရားခံ နေမျိုးနွယ်(စိစစ်ဆဲ)ဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တွင် နေထိုင်သူဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများအား အဖွဲ့ ခေါင်းဆောင်ဖြစ်သူ နေမျိုးနွယ်၏စေခိုင်းချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေအား သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ရန်အတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် FLA အဖွဲ့ ခေါင်း ဆောင် နေမျိုးနွယ်မှ တရားခံ ကျော်ဇင်ဦး(ခ)ကျောင်းဆရာပါ ၃ ဦးတို့အား Telegram မှဆက်သွယ်၍ စေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ငှားရမ်းထားသည့် ယာဉ်အမှတ် YGN-8 GG-6136 Fielder အဖြူရောင်အငှားယာဉ်အား ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်မှ မောင်းနှင်၍ ကျော်ဇင်ဦး(ခ)ကျောင်းဆရာနှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့မှ ပစ္စတိုသေနတ်
၁ လက်စီဖြင့် အုပ်ချုပ်ရေးမှူး ဦးစန်းငွေအား ရုံးရှေ့ ၅ ပေအကွာခန့်မှ လုပ်ကြံပစ်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ လုပ်ကြံပစ်ခတ်ပြီးနောက် တရားခံ ကျော်ဇင်ဦး(ခ)ကျောင်းဆရာနှင့် ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်တို့မှ ပစ္စတိုသေနတ် ၁ လက်စီယူဆောင်သွားခဲ့ကြပြီး မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်မှ ၎င်းကိုင်ဆောင်သည့် SIG SAUER အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 mm ကျည် ၃၃ တောင့်တို့အား စိုင်းနောင်ထက်(ခ)အာကြီး၏နေအိမ်တွင် သွားရောက် အပ်နှံသိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးချက်များအရ တရားခံ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့ ၃ ဦးသည် FLA အဖွဲ့ ခေါင်းဆောင် ဖမ်းဆီးရန်ကျန် တရားခံ နေမျိုးနွယ်၏ စေခိုင်းချက်အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ဗညားဒလ လမ်း ပေါ်ရှိ တာမွေမြို့ နယ်လျှပ်စစ်မန်နေဂျာရုံးအား လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ခြင်းနှင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ညပိုင်းတွင် တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်၊ ကျိုက္ကဆံလမ်းနှင့် မလွှကုန်းလမ်းထောင့်ရှိတာမွေမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ်ကျူးလွန်ခဲ့ကြကြောင်း၊ တရားခံ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ၊ မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်နှင့် ဖမ်းဆီးရန် ကျန်တရားခံ Free Land Attack Force(FLA) အဖွဲ့ဝင်ဖြစ်သူ အောင်မျိုးအေး(ခ)ဆာကူရာ(စိစစ်ဆဲ)တို့ ၃ ဦးသည် ၂၀၂၃ ခုနှစ်၊ မေလအတွင်း အင်းစိန်ပန်းခြံ၊ လျှပ်စစ်ရုံးရှေ့ခြံစည်းရိုးဘေးတွင် ချိန်ကိုက်မိုင်း ၃ လုံး၊ ဇွန်လအတွင်း တာမွေမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှေ့ ခြံစည်းရိုးတွင် ချိန်ကိုက်မိုင်း ၁ လုံး၊ ဩဂုတ်လအတွင်း မရမ်းကုန်းမြို့ နယ်၊ သမိုင်းလမ်း၊ မင်းဓမ္မလမ်း မီးပွိုင့်အနီးရှိ CCTV ပုံးတွင် ရီမုမိုင်းတစ်လုံးတို့အား အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခဲ့ခြင်း ၃ ကြိမ်ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်လုပ်ကြံပစ်ခတ်မှုနှင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုများကျူးလွန် ခဲ့သူ Free Land Attack Force (FLA) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် များဖြစ်ကြသော ကျော်ဇင်ဦး (ခ)ကျောင်းဆရာပါ ၄ ဦးတို့အား ပြစ်မှုများကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် ၃ လက်၊ ကျည်မျိုးစုံ ၅၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မီးခိုးဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN