(ကျန်းမာရေး) ဒီဇင်ဘာ ၂၆
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် အတွင်းရှိ ဒေသအချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံ၊ ဆေးခန်းများမှာ ဆေးကုသ ခံယူနေရ သူတွေ များပြားလျက်ရှိနေပြီး အချို့လူနာများမှာ ပြင်းထန်ဝမ်းရောဂါ နှင့် ကာလဝမ်းရောဂါပိုး တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း နိုရိုဗိုင်းရပ်စ် ကူးစက်မှုမရှိသေးပေမယ့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အဆိုပါ ဗိုင်းရပ်စ် ကူးစက်မှုမရှိစေရန် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားမှု အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါတယ်။
ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအပြင် ကျန်းမာရေးဝန်ကြီးဌာနက (International Coordinating Group-ICG) သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တစ်ဆင့် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (Oral Cholera Vaccine-OCV) များ တောင်းခံ၍ တိုက်ကျွေးခြင်းကို ဦးတည်အုပ်စုများ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် အခြားရောဂါ ဖြစ်ပွားရာ ဒေသများမှာ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆေးရုံများတွင် ဆေးကုသမှုပေးခြင်း၊ ဆေးရုံမှတစ်ဆင့် ရောဂါပိုး ပြန့်ပွားမှုမရှိစေရေး ရောဂါပိုးထိန်းချုပ်ခြင်း၊ သက်ဆိုင်ရာဒေသအလိုက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ကွင်းဆင်းအဖွဲ့များက ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူလူထုပူးပေါင်းပါဝင်၍ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဖြစ်တဲ့ ကလိုရင်းဆေးခတ်ခြင်း (Mass & Con tinuous Chlorination)လုပ်ငန်း၊ ရေသန့်ဆေးပြားများ ဖြန့်ဝေခြင်းလုပ်ငန်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်းလုပ်ငန်း၊ ရောဂါဖြစ်ပွားသူ၏ နေအိမ်သို့သွားရောက်၍ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရေးအတွက် အနီးကပ်ထိတွေ့သူများအား ပဋိဇီဝဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို အထူးအလေးပေး၍ အချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အင်တာနက်စာမျက်နှာတွင် အပတ်စဉ်သတင်းထုတ်ပြန်ပေး လျက်ရှိပြီး ပြည်သူလူထုအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမယ့် အချက် များနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသအလိုက် သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများကလည်း ပြည်သူလူထုကို အသိပညာပေးဟောပြောခြင်း၊ ဗီနိုင်းများဖြင့် အသိပညာပေးခြင်း၊ လက်ကိုင်အသံချဲ့စက်များနဲ့ အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews