(ကျန်းမာရေး)ဒီဇင်ဘာ ၂၆
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ Vitamin Dအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဗီတာမင် D ဆိုတာဘာလဲ
ဗီတာမင်ဒီဟာ အဆီမှာပျော်တဲ့ Fat soluble Vitamin တစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာရဲ့စနစ်အတော်များများကို အကျိုးသက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။
တစ်ခုထူးခြားတာက ဗီတာမင်ဒီကို အစားသောက်ကနေပဲ ရနိုင်တာမဟုတ်ဘဲ ကျွန်တော်တို့ ခန္ဓာ ကိုယ်ကလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၁၀မိနစ်ကနေ ၁၅မိနစ်လောက် နေရောင်ခြည်နုနုနဲ့ မိမိရဲ့အရေ ပြားနဲ့ ထိတွေ့ခြင်းဖြင့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်ဒီ ပမာဏကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီကို ဆန်းရှိုင်းဗီတာ မင် (Sunshine vitamin)ဟုလည်း ခေါ်ပါတယ်။
ဗီတာမင် D က ဘာတွေလုပ်ဆောင်သလဲ
ဗီတာမင်ဒီရဲ့ လုပ်ဆောင်ချက်တွေကတော့ ခန္ဓာ ကိုယ်ရှိ အရိုးတွေသန်မာဖို့အတွက် လိုသော ကယ်လ်စီယံ ပမာဏကို ထိန်းညှိပေးပါတယ်။ အစားအစာတွေထဲမှာပါသော ကယ်လ်စီယံဓါတ်များကို အူတွေကစုပ်ယူတဲ့နေရာမှာ ကူညီပေးပါတယ်။ ဗီတာမင်ဒီရဲ့ ကောင်းကျိုးတွေကတော့ စိတ်ဓါတ် တက်ကြွစေပါတယ်။ နှလုံးကို ကျန်းမာစေပါတယ်။ တစ်ကိုယ်လုံး ညောင်းညာနုံးချည့်မှု သက်သာစေပါတယ်။ အရိုးတွေကို သန်စွမ်းစေပါတယ်။ တခြားဗီတာမင်တွေနဲ့ မတူတာက ဗီတာ မင် D ဟာ ဟော်မုန်းကဲ့သို့ အလုပ်လုပ်နိုင်ပြီး ကိုယ်ခန္ဓာရဲ့ ဆဲလ်တစ်ခုချင်းစီမှာ သူ့အတွက် လက်ခံတဲ့နေရာ တစ်ခုစီရှိပါတယ်။
ဗီတာမင် D လိုအပ်ချက် ပမာဏ
အကြမ်းအားဖြင့် လူတစ်ဦး တစ်နေ့တာ ဗီတာမင် ဒီ လိုအပ်ချက်ကတော့ 400 IU ကနေ 800 IU ပါ။အသက်အရွယ်အလိုက် ဗီတာမင်ဒီ လိုအပ်ချက်ကတော့ –
• မွေးစမှ တစ်နှစ် = 400 IU
• ၁ နှစ်မှ ၁၃ နှစ် = 600 IU
• ၁၄ နှစ်မှ ၁၈ နှစ် = 600 IU
• ၁၉ နှစ်မှ ရဝ နှစ် = 600 IU
• ရ၁ နှစ်နှင့် အထက် = 800 IU
• ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် = 600 IU တို့ပဲဖြစ်ပါတယ်။
ဗီတာမင် D ချို့တဲ့ခြင်း
ဗီတာမင် D ချို့တဲ့ခြင်းဟာလည်း တွေ့ရများတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ ဗီတာမင် D ချို့တဲ့သူပေါင်း တစ်ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အမေရိကန်ပြည်ထောင်စုရဲ့ အရွယ်ရောက်ပြီးသူ ၄၁.၆ % ဟာ ဗီတာမင်ချို့တဲ့မှု ရှိတယ်လို့ ဆိုပါတယ်။ ဗီတာမင် D ချို့တဲ့မှုဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကတော့ –
• အသားအရေညိုခြင်း။
• အသက်ကြီးခြင်း။
• ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း။
• ငါး နှင့် နို့ထွက်ပစ္စည်းများ စားသုံးမှုမရှိခြင်း။
• အီကွေတာနှင့် ဝေးရာဒေသတွင် နေထိုင်ခြင်း။
• အပြင်ထွက်ရာတွင် နေရောင်ကာပစ္စည်းများ၊ ဆေးများ သုံးလွန်းခြင်း။
• အိမ်တွင်း အနေများခြင်း
ဗီတာမင် D ချို့တဲ့ရင် ဘာတွေဖြစ်နိုင်သလဲ
ဗီတာမင် D ချို့တဲ့ရင် ဖြစ်လာနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ –
• မကြာခဏ နေထိုင်မကောင်းဖြစ်ခြင်း၊ ရောဂါ ပိုးဝင်ခြင်း ။ ဗီတာမင် Dရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တခုကတော့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးမွှားတွေရဲ့ ရန်ကိုကာကွယ်နိုင်အောင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်းပါပဲ။ တကယ်လို့ မကြာခဏ ဖျားနာနေတယ်ဆိုရင်၊ တုတ်ကွေး အအေးမိခြင်း ဖြစ်လွယ်ရင် ဗီတာ မင် D ချို့တဲ့ခြင်းကြောင့် ဖြစ်နေနိုင်ပါတယ်။ အအေးမိခြင်း၊ အဆုတ်လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း စတာတွေဟာ ဗီတာမင် D ချို့တဲ့ခြင်းနဲ့ ဆက်စပ်မုရှိနေတယ်လို့ သိရပါတယ်။ ဗီတာမင် D အားဆေးကို တနေ့ ၄၀၀၀ IU ကို သုံးစွဲသူများဟာ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
• ပင်ပန်းနွမ်းနယ်ခြင် ။ ဗီတာမင် D ဟာ ကိုယ်ခန္ဓာထဲမှာ အလုံအလောက်မရှိတဲ့အခါ ပင်ပန်းနွမ်းနယ်ဖြစ်လွယ်ပါတယ်။ လူတစ်ဦးချင်းဆီမှာ ရှိသင့်တဲ့ ဗီတာမင် D ပမာဏကတော့ 20 ng/ml ဖြစ်ပါတယ်။ အဆိုပါ ပမာဏထက် လျော့နည်းတဲ့အခါ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
• အရိုးနာခြင်း၊ ခါးနာခြင်း ။ ဗီတာမင်ဒီဟာ အရိုးများရဲ့ ကျန်းမာရေးကို နည်းမျိုးစုံနဲ့ အထောက်အကူပေးပါတယ်။ ဥပမာ ကယ်လ်ဆီယမ်ဓာတ်ကို အရိုးများမှ ကောင်းကောင်းစုပ်ယူနိုင်အောင် အကူအညီပေးပါတယ်။ သေါးထဲမှာ ဗီတာမင်ဒီ လျော့နည်းတဲ့အခါ အရိုးများနာကျင်ခြင်း၊ ခါးနာခြင်း စတဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်။ ဗီတာမင် D လျော့နည်းသူများဟာ ပုံမှန်ရှိသူများထက်စာရင် ခြေထောက်၊ နံရိုး၊ အဆစ်အမြစ် စတာတွေ ကိုက်ခဲနာကျင်ဖို့ ဖြစ်နိုင်ခြေနှစ်ဆရှိကြောင်း သိရပါတယ်။
• စိတ်ကျရောဂါ ။ စိတ်ဓာတ်ကျခြင်းဟာ ဗီတာမင်ဒီ ချို့တဲ့ခြင်းရဲ့ လက္ခဏာတခု ဖြစ်ပါတယ်။ စိတ်ကျခြင်းနဲ့ ဗီတာမင် D လျော့ နည်းခြင်းအကြား ဆက်စပ်မှုရှိနေကြောင်း သုတေသီများက တွေ့ရှိထားပါတယ်။ အထူး သဖြင့် သက်ကြီးပိုင်းတွေမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စိတ်ကျပြဿနာရှိသူတွေကို ဗီတာမင် D ပေးတဲ့အခါ စိတ်အခြေအနေတိုးတက်မှုရှိကြောင်း တွေ့ရှိတယ်လို့ ဆိုပါတယ်။ ရာသီဥတု အေးစက်မှုန်မှိုင်းချိန်မှာ ဖြစ်တတ်တဲ့ စိတ်ကျခြင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။
• အနာကျက်နှေးခြင်း ။ ခွဲစိတ်ကုသမှုခံယူထားသူများ၊ ထိခိုက်ဒဏ်ရာရသူများမှာ အနာကျက်နှေးခြင်းဟာဗီတာမင် Dလျော့နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဗီတာမင် D ဟာ အရေပြားအသစ်ကို ဖြစ်ပေါ်စေဖို့ အထောက် အကူပြုတယ်လို့ စာတမ်းတစောင်မှာ ဖော်ပြထားပါတယ်။ ရောင်ရမ်းမှုကိုလည်း သက်သာစေပါတယ်။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောဂါပိုးတွေကို နှိမ်နင်းပေးနိုင်တာကြောင့် အနာကျက်မြန်စေပါတယ်။
• ဆံပင်ကျွတ်ခြင်း ။ သုတေသနတခုမှာ ဖော်ပြချက်အရ ဗီတာမင် D ချို့တဲ့သူအမျိုးသမီးတွေမှာ ဆံပင် ကျွတ်နှုန်းများကြောင်း သိရပါတယ်။ Alopecia areata ဆိုတဲ့ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ ရောဂါမှာ ဆံပင်အလွန်ကျွတ်တတ်ပြီး ဗီတာမင် Dချို့တဲ့တဲ့ အရိုးပျော့ရောဂါ လက္ခဏာကိုလည်း တွေ့ရပါတယ်။
• ကြွက်သားများနာကျင်ခြင်း ။ ကြွက်သားများ နာ ကျင်နေတတ်ခြင်းဟာ အကြောင်းအရာပါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ အဆိုပါ အကြောင်း အရာထဲမှာ ဗီတာမင် D ချို့တဲ့ခြင်းလည်း ပါဝင်ပါတယ်။ သုတေ သနတခုမှာ ကြွက်သားများ နာတာရှည် နာကျင်နေတတ်သူများရဲ့ ၇၁%မှာ ဗီတာမင် D ချို့တဲ့ကြောင်း ဖော်ပြထားပါတယ်။
• ဆီးချို နဲ့ သွေးတိုးရောဂါ ။ လေ့လာမှုတွေအရ ဗီတာမင် D ချို့တဲ့သူများသည် သာမန်လူများထက် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပြီး ဗီတာမင် D ဖြည့်စွက်ခြင်းသည် ခန္ဓာကိုယ်၏ သကြားဓာတ် ဇီဝဖြစ်စဉ် (Glucose Metabolism) ကို သိသိသာသာ တိုးတက်စေသည်။ ဗီတာမင် D ဟာ သွေးတိုး ရောဂါနဲ့လည်း ဆက်စပ်နေပါတယ်။ (သွေးတိုး) နှင့် သွေးကြောကျဉ်းရောဂါ (Cardiovascular Diseases) ပါဘဲ။
ဗီတာမင် Dချို့တဲ့ခြင်းဟာ တွေ့ရများပေမယ့် လူအများဟာ သတိမထားမိတတ်ကြပါဘူး။ လက္ခဏာသိပ်မပြတာ၊ တိကျမှုမရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဗီတာမင် ချို့တဲ့ကြောင်း သံသယရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးသင့်ပါတယ်။ နေရောင်ခြည်ထိတွေ့ခြင်း၊ ဗီတာမင် D ကြွယ်ဝသော အစားအစာများစားခြင်း၊ ဗီတာမင် D အားဖြည့်ဓာတ်စာများ စားသုံးခြင်း စတာတွေနဲ့လည်း ဗီတာမင် D ကို ဖြည့်တင်းနိုင်ပါတယ်။
ဗီတာမင် ဒီ ကြွယ်ဝသော အစားအစာများ
အဆီများတဲ့ငါးများ (ဆော်လမွန်၊ ဆာဒင်း၊တူနာ)၊ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ ငါးကြီးဆီ၊ ကွေကာစတဲ့ အစားအစာများ ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာများ ဖြစ်ပါတယ်။
ဗီတာမင် ဒီ လွန်ကဲပါက ဖြစ်နိုင်သော ဆိုးကျိူးများကတော့
ဗီတာမင်ဒီများလာပါက ခန္ဓာကိုယ်ထဲရှိ ကယ်လ်ဆီယံတွေပါ များလာပြီး အဲ့များလာတဲ့ ကယ်လ်ဆီယံတွေက အရိုးတွေပေါ်မှာ အနည်ကျပါတယ်။ အဲ့အခါမှာ အရိုးပေါ်ကို ဖိအားတစ်ခု သက်ရောက်တဲ့အတွက် အရိုးအဆစ်တွေနာတာ အချိန်ကြာလာရင် ကျိူးနိုင်တာ စသဖြင့် ဖြစ်နိုင်ပါတယ်။ ဗီတာမင်ဒီသည် သိုင်းရွက်ရဲ့ လုပ်ငန်းတာဝန်အပေါ်မှာလည်း သက်ရောက်မှု ရှိတဲ့အတွက် ဗီတာမင်ဒီများလာပါက သိုင်းရွက်ဟော်မုန်းနည်းသွားတာမျိူး(Hypothyroidism) ဖြစ်စေနိုင်ပြီး နှလုံးခုန်စည်းချက်မမှန်တာ၊ နှေးတာစသဖြင့် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
ဗီတာမင်ဒီ လွန်ကဲပါက စိတ်ရောကိုယ်ပါ ကောင်းကောင်းအနားယူခဲ့ရင်တောင်မှ ပင်ပန်းတာ ပျောက်မသွားဘဲ အမြဲတမ်းလိုလိုကို လန်း ဆန်းမှုမရှိတာ၊ အားမရှိတာမျိူးလည်း ခံစားရ တတ်ပါတယ်။ ဒီလိုဖြစ်တာဟာ အစားသောက်ပျက်တာနဲ့လည်း တွဲဖြစ်နိုင်ပြီး နောက်ပိုင်းမှာ တော်တော် ပိန်သွားနိုင်ပါတယ်။ ဗီတာမင်ဒီ လွန်ကဲပါက ဆီးသွားများတာ၊ ရေ ရုတ်တရက် အလွန်ငတ်တာစတဲ့ လက္ခဏာတွေလည်းခံစားရနိုင်ပါတယ်။
သတိပြုရန်
အချုပ်အားဖြင့် ပြောရရင် တန်ဆေးလွန်ဘေး ဖြစ်တဲ့အတွက် မိဘများ စာဖတ်ပရိတ်သတ်များအနေနဲ့ ဗီတာမင်ဒီဟာ တုပ်ကွေးကာကွယ်ပေးတယ်ဆိုတိုင်း ကြားဖူးနားဝနဲ့ ဆရာဝန်ကိုတိုင်ပင်ခြင်းမရှိဘဲ ရမ်းတိုက်တာ သောက်တာမျိူးတွေကို မလုပ်ကြဖို့ အကြံ ပေးချင်ပါတယ်။
(Crd: Hello ဆရာဝန် ၊ OnDoctor)
#PAN