(ပြည်တွင်း) ဒီဇင်ဘာ ၂၃
ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန် App Download ပြုလုပ်ပြီး အသုံးပြုသူ တစ်သိန်းခွဲကျော်ရှိကြောင်း Asia Starmar Transport Intelligent မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါကြောင့် YPS ကတ် သုံးစွဲမှုအနေနဲ့ စတင်သုံးစွဲတဲ့အချိန်မှ လက်ရှိအချိန်အထိ ၆၀ ရာခိုင်နှုန်းခန့်အထိ တိုးလာခြင်းဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
ယခုအချိန်ထိ YPS ကတ်ကို အသုံးပြု၍ ယာဉ်စီးခ ပေးချေနိုင်တဲ့ ယာဉ်လိုင်းပေါင်း ၉၈ လိုင်းမှာ ယာဉ်အစီးရေပေါင်း ၃,၉၅၁ စီးရှိကာ အစီးရေ ၃,၆၀၀ နဲ့ ၃,၈၀၀ ကြား ပြေးဆွဲလျက်ရှိပြီး လိုက်ပါစီးနင်းသည့် ခရီးသည်အရေအတွက် ၁၅ သိန်းခန့်ရှိကြောင်း သိရပါတယ်။
သို့သော်လည်း အချို့ YBS ယာဉ်လိုင်းများတွင် ယာဉ်မောင်းများက YBS ပေးချေရမည့် စက်ကို ပိတ်ထားခြင်း၊ စက်ပျက်နေခြင်းများရှိနေတာကြောင့် ခရီးသွားများမှာ ငွေသားအကြွေကိုသာ အသုံးပြုနေရဆဲ ဖြစ်ကြောင်း စီးနင်းသူအချို့၏ပြောကြားချက်အရ သိရပါတယ်။ YPS ကတ်နှင့် YPS QR Code ငွေဖြည့်ခြင်းများကို YPS အရောင်းကောင်တာများ၊ G&G Convenience Store၊ Capital Super market များ၊ ငြိမ်းချမ်းရေးစတိုး (စံပြဈေးအနီး)၊ သမာဓိ Mini Mart (အင်းစိန်ပန်းခြံအနီး)၊ YBS 21 (Power 11) ကားဂိတ်၊ YBS 57 ကားဂိတ် (သခင်မြပန်း ခြံ)၊ YBS 81 ကားဂိတ် (သုခဒဂုံအိမ်ရာ)၊ အမြင်သစ်စတိုး (မှော်ဘီလျှပ်စစ်ရုံးအနီး)၊ သစ္စာရှင်ထီဆိုင် (ဘေလီမှတ်တိုင်အနီး)၊ Rangoon Minimart (ကမ်းနားလမ်းနှင့် နတ်စင်လမ်းထောင့်) တွင် ဆောင်ရွက်နိုင်ကြောင်း Yangon Payment Services-YPS က အသိပေးထားပါတယ်။
#PAN