ဘရာဇီးလ်တွင် လေယာဉ်ငယ်တစ်စီးပျက်ကျကာ လေယာဉ်ပေါ်ပါသူအားလုံးသေဆုံး


(နိုင်ငံတကာ) ဒီဇင်ဘာ ၂၃

ဘရာဇီးလ်နိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည်များကြားရေပန်းစားသည့် ဂရမ်မာဒိုမြို့တွင် လေယာဉ်ငယ်တစ်စီးပျက်ကျကာ လေယာဉ်ပေါ်ပါသူအားလုံးသေဆုံးခဲ့ကြောင်းသိရသည်။

ဂရမ်မာဒိုမြို့လယ်ရှိ ဈေးဆိုင်ခန်းများပေါ်ပျက်ကျခဲ့သည့် အဆိုပါလေယာဉ်မှာ လေယာဉ်ပိုင်ရှင်နှင့် လေယာဉ်မှူးအပါအဝင် လူ ၁၀ ဦးပါဝင်ခဲ့ပြီး ၁၀ ဦးလုံးသေဆုံးကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများကဆိုသည်။

လေယာဉ်ပျက်ကျခဲ့သည့် ပတ်ဝန်းကျင်တွင် နေထိုင်သည့် ပြည်သူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေနှင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

နှစ်ပေါင်း ၃၄ ကျော် သက်တမ်းရှိ Piper PA-42-1000 အမျိုးအစားလေယာဉ်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ကာနီလာလေဆိပ်မှ ထွက်ခွာခဲ့ပြီး ဆော်ပေါ်လိုမြို့သို့ ဦးတည်မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းအား စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN