(ဆောင်းပါးကဏ္ဍ) ဒီဇင်ဘာ ၂၁
ချစ်နိုင်(စိတ်ပညာ)
ဒီအကြောင်းအရာကို ကျွန်တော်တို့ ပွင့်ပွင့် လင်းလင်း ရင်းရင်းနှီးနှီးဆွေးနွေးကြရအောင်။ စိတ်တော့မရှိနဲ့။ ကျွန်တော်က စတင်ပြီး မေးခွန်းတစ်ခုမေးပါရစေ။
စာဖတ်သူမှာ မိမိကိုယ်ကိုကောင်းစွာ ခေါင်းမဆောင်သူများနဲ့တွဲပြီး အလုပ်လုပ်ဖူးပါသလား။
ကြုံဖူးကောင်းကြုံခဲ့ပါလိမ့်မယ်။ အဲဒါထက်ပိုဆိုးတဲ့ အခြေအနေမျိုးရှိတတ်သေးတယ်။ ခေါင်းဆောင် နေရာမှာ ရှိနေခဲ့ပေမယ့်လည်း သူ့ကိုယ်သူ ကောင်းစွာခေါင်းမဆောင်နိုင်သူများရဲ့လက်အောက်မှာ အလုပ်လုပ်ဖူးပါသလား။သူတို့က မကောင်းတဲ့ နမူနာတွေပဲပြတတ်ကြတယ်။
ကိုယ်ချင်းစာနိုင်ပါတယ်။ ကျွန်တော်လည်း ဝန် ထမ်းလုပ်သက် အနှစ်လေးဆယ်နီးပါး တာဝန်ထမ်းခဲ့ဖူးတဲ့အတွေ့အကြုံရှိတာမို့ အဲသလို လူစားတွေနဲ့ အဆင့်တူ ရာထူးတူတစ်ဖွဲ့တည်း တစ်သင်းတည်းအတူ တွဲကာ အလုပ်လုပ်ဖူးပါတယ်။ ဒီလို လူမျိုးများရဲ့ လက်အောက်မှာကံမကောင်းစွာပဲ နှစ်ကာလအနည်း ငယ်လည်း နေခဲ့ရဖူးပါတယ်။ ဝန်ထမ်းဘဝမှာ အခက် အခဲအမျိုးမျိုးကိုအောင်မြင်စွာကျော်ဖြတ်ဖြေရှင်းခဲ့ပေမယ့် ခေါင်းမဆောင်နိုင်တဲ့သူတွေနဲ့ အတူတွဲလုပ်ရမှာ၊ သူ့လက်အောက်မှာနေပြီး အလုပ်လုပ်ရမှာတော့
စိတ်ဆင်းရဲပေမှာပဲ။ သေချာတယ်။
ဒီတော့ သူတစ်ပါးကိုလည်း ဒုက္ခမပေးမိအောင် မိမိကိုယ်တိုင်လည်း အလုပ်ခွင်ချောမွေ့အဆင်ပြေအောင် မိမိကိုယ်ကို စီမံခန့်ခွဲမှုနည်းလေးများကို လွယ်လွယ်ကူကူရှင်းရှင်းဖော်ပြမျှဝေမယ်ဆိုရင် လိုချင်တယ်မဟုတ်လား။
ပေါ့ပေါ့ပါးပါး၊ လွယ်လွယ်ကူကူသိရလို့အဖိုးမတန်ဘူးတော့ မထင်မှတ်စေချင်ပါဘူး။ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရေးစာပေတွေကို စိတ်ရှည်ရှည်နဲ့လေ့လာမှတ်သားပြီး စေတနာအရင်းခံနဲ့တင်ပြခြင်းပါ။ အလုပ် ခွင်မှာ သာမက မိသားစုဘဝမှာလည်း လက်တွေ့ထိရောက်အသုံးဝင်ကြောင်း သိမြင်တွေ့ရှိရမှာပါ။
မြတ်စွာဘုရားဟောကြားတော်မူတဲ့ တရားတော်တွေထဲမှာဖြစ်ဖြစ်၊ ရောမဧကရာဇ်မားကပ်စ်အောရေး လိယယ်စ် ရေးတာတွေထဲမှာဖြစ်ဖြစ်၊ တရုတ်ပညာရှိ ကွန်ဖြူးရှပ်စ်ဟော ပြောခဲ့တာပဲဖြစ်ဖြစ်၊ လူတစ်ယောက် အောင်မြင်ကြီးပွားဖို့ဆိုရင် မိတ်ကောင်းဆွေကောင်း၊ ဆရာသမားကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းများ၊တပည့်တပန်းကောင်းများနဲ့ ပေါင်းစုံဆုံတွေ့ရမှ ဖြစ်နိုင်တယ်။ သပ္ပုရိသဥပနိသယျ စက်ဆရာကောင်း အမှီရှိမှ အောင်မြင်တိုးတက်နိုင်တယ်။ ကလျာဏမိတ္တသမ္ပဒါ။ မိတ်ကောင်းဆွေကောင်း
အဖော်အပေါင်းတွေကောင်းမှ ထူးခြားတဲ့ အောင်မြင်မှုကြီးများ ရနိုင်တယ်စတဲ့ ဆုံးမသင်ကြားချက်တွေ သိပြီးသား ဖြစ်မှာပါ။ စာပေထဲမှာ၊ သမိုင်းထဲမှာ၊ ဘာသာရေးကျင့်ဝတ်နိယာမတွေထဲမှာ မကြာခဏတွေ့မြင်ရမှာဖြစ်ပါတယ်။
သူတစ်ပါးကို သြဇာသက်ရောက်နိုင်ဖို့ဆိုရင် မိမိရဲ့အထက်လူအပေါ်ပဲဖြစ်ဖြစ်၊ လက်အောက်ကိုပဲဖြစ် ဖြစ်၊ သူတို့က မိမိကိုအကဲဖြတ်ပြီး လိုက်နာလက်ခံကြတာလေ။ မိမိက သူတို့ရဲ့ယုံကြည်စိတ်ချရသူ၊ လေးစားအားထားရသူ ဖြစ်နေဖို့လိုပေတာတော့ အမှန်ပဲ။ အတ္တာနမေဝပထမံ၊ မိမိဟာအရင်းခံပါပဲ။ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်အစချီတဲ့ ငယ်စဉ်က သံပြိုင်သီဆိုခဲ့ကြဖူးတဲ့ ကျောင်းကောင်စီ သီချင်းထဲက ပထမဆုံးစာကြောင်းဟာ အမှန်အကန်ပါပဲ။
အတ္တာဟိအတ္တနော နာထောတဲ့။ ဘုရားဟောပဲ။ မိမိကိုယ်သာကိုးကွယ်ရာ မဟုတ်လား။ ဆရာမြို့မငြိမ်း ရေးဖွဲ့သီကုံးပြီး အဆိုတော် ကိုအံ့ကြီးသီဆိုထားဖူးတယ်။ သီချင်းတစ်ပုဒ်ထဲမှာ ပါဖူးတယ်။ မိမိကိုယ်သာ ကိုးကွယ်ရာ။
ရတနာသုံးပါးက လူအားလုံးရဲ့ ကိုးကွယ်ရာမဟုတ်လား။ ဒါလည်း မှန်ပါတယ်။ လမ်းမှန်ညွှန်ပြသုတ္တံ၊ ဝိနည်းနဲ့၊ အဘိဓမ္မာတရားတော် အဆုံးအမများဟာ သာသနာတော်ပါပဲ။ အဲဒါတွေကို လက်တွေ့လိုက်နာကျင့် သုံးရာမှာတော့ မိမိကိုယ်တိုင်ကြိုးစားကြရမှာ ဖြစ်ပါတယ်။ သူတစ်ပါးက အစားဝင်၍ လုပ်မပေးနိုင်။
မိမိကိုယ်ကိုစီမံခန့်ခွဲနိုင်ဖို့အထောက်အကူဖြစ်စေမယ့် ဘာသာတရားထဲက အချက်အချို့ကောက်နုတ်တင်ပြချင်ပါတယ်။ ဒါက စာပေထဲက နိယာမသဘောတွေကို သိမြင်ထားရင် စိတ်ပညာနဲ့ ဒဿနိကဘာသာတွေးမြင်ဆင်ခြင်ရာမှာ အထောက်အကူရစေနိုင်တာမို့ပါ။ ဝိရောဓိမရှိပါဘူး။
မိမိအပါအဝင်လူတိုင်းလူတိုင်းမှာ အပိုင်းနှစ်ပိုင်းပါဝင်ဖွဲ့စည်းထားပါတယ်။ စိတ်လို့ခေါ်တဲ့ နာမ်တရားနဲ့ ရုပ်ဆိုတဲ့ ရုပ်ခန္ဓာကိုယ်ပေါ့။ မမြင်ရတဲ့ နာမ်သဘောရယ်၊ မြင်နိုင်ထိတွေ့ကိုင်တွယ်နိုင်တဲ့ရုပ်ရယ်။ နှစ်မျိုးနှစ်စားက မတူကြဘဲ ကွဲပြားစွာ ပါဝင်နေပါတယ်။ စိတ်နဲ့ရုပ်က အတူတွဲပြီးဖြစ်ခြင်း၊ ပျက်ခြင်း၊ လှုပ်ရှားခြင်းတွေဆက်စပ်ဒွန် တွဲနေတယ်နော်။ အကျယ်မပြောတော့ပါ။ သိပြီးသားပါလေ။ သတိထားမိဖို့သာပြန်လည်တင်ပြနေခြင်းပါ။
စိတ်က ကိုယ်ကိုမှီတွယ်ရတယ်။ ကိုယ်က စိတ်ကို မှီတွယ်ရပါတယ်။ စိတ်ပျိုတော့ ကိုယ်နုတဲ့။ စိတ်ထောင်းတော့ကိုယ်ကျေသတဲ့။ စိတ်နဲ့ရုပ်မှာ စိတ်က ဦးဆောင်တဲ့သဘော၊ ရှေးက ဆိုးရိုးစကားလေးတွေနဲ့ လွယ်ကူရှင်းပြထားခဲ့တယ်။ စိတ်ဆင်းရဲရင်ကိုယ်ခန္ဓာလည်း မစားနိုင်မအိပ်နိုင်အတူတွဲ ထိခိုက်တာပဲလေ။ စိတ်ချမ်းသာပျော်ရွှင်ရင် ကိုယ်ခန္ဓာလည်း ခုန်ပေါက်မြူးတူးပြီး ထက်သန်တက်ကြွနေတတ်တယ် မဟုတ်လား။ ဦးဆောင်နေတဲ့ စိတ်ကြောင့် တစ်ခါတစ်ရံအကြောင်းမသင့်ရင် ကိုယ်ခန္ဓာမှာပါ(မိမိမသိလိုက်တဲ့)ရောဂါတွေရတတ်ပါတယ်။ အကျယ်တော့ မဖော်ပြတော့ပါ။ သာမာန် ဆရာဝန်များလည်း သိပါတယ်။ ကုခန်းစိတ်ပညာရှင်များ၊Psychiatrist စိတ်ပညာရှင်များ၊Psychologist သိရှိနားလည်ပါတယ်။ ကုသပေးနိုင်ပါတယ်။ ပျောက်ကင်းပါတယ်။
ကိုယ်စိတ်ဆက်စပ်ရောဂါမျိုးလို့ခေါ်ကြပါတယ်။ Psycho-sometic Disorders စိတ်ကြောင့်ကိုယ်မှာ ထိရောက်မှုရှိတယ်။ ကိုယ်ကြောင့်လည်း စိတ်မှာ ထိခိုက်မှုရှိနိုင်တယ်။
လူတစ်ယောက်ဟာ ပြင်ပကမ္ဘာနဲ့ အပြန်အလှန် ဆက်ဆံဆက်သွယ်ဖို့ အာရုံခံအင်္ဂါ တံခါးငါးပေါက်ရှိနေပါတယ်။သိတဲ့အတိုင်း (၁) မျက်စိ၊ (၂)နား၊ (၃) နှာခေါင်းပေါက် (၄)လျှာ ၊ (၅)ကိုယ်၊ (၆)စိတ်ကတော့ခန္ဓာကိုယ်၊ ရုပ်အင်္ဂါအစိတ်အပိုင်းငါးမျိုးဆီက သိတတ်ခြင်းသဘောဖြစ်လို့ အာရုံခြောက်ပါးပေါ့။ ရုပ်အင်္ဂါမှတစ်ဆင့် သိတာက Sense Organs စေတသိက်လို့ခေါ်ရပြီး သိမှ သဘောသက်သက်ကို စိတ်လို့ ခေါ်ဝေါ်ရတယ်။ စေတသိက်နဲ့စိတ်က တွေ့မြင်နိုင်တာမဟုတ်ပေမယ့် တကယ့်အရှိတရား နှစ်ပါးပါပဲ။ စေတသိက်ဟာ စိတ်ကိုမှီတွယ်တယ်။ စိတ်ကိုခြယ် လှယ်တယ်။ စိတ်နဲ့အတူ ဖြစ်တယ်။ စိတ်နဲ့အတူချုပ်တယ်။ မရှုပ်ပါဘူး။ လွယ်ကူရှင်းလင်းပါတယ်။ ဟင်းချက်တဲ့ဒန်အိုး(သို့မဟုတ်) မြေအိုးမှာ အိုးရယ်၊ စလောင်းဖုံးအဖုံးရယ် နှစ်ပိုင်း၊ နှစ်မျိုးပါတဲ့သဘောပါပဲ။ စိတ်ဆိုတာမှာ စေတသိက်လည်း အတူတွဲလျက် ပါရှိနေတယ်လို့ သိရမယ်။
စိတ်မှာပါတဲ့ စေတသိတ်အချို့ကို ဖော်ပြလိုပါတယ်။
• ဝေဒနာစေတသိက် = ခံစားမှုသဘော
• သညာစေတသိက် = သိမှတ်မှု သဘော (မှတ်သားတတ်)
• သင်္ခါရစေတသိက် = စေ့ဆော်မှုသဘော
• ဝိဉာဉ်စေတသိက်= သိခြင်းသဘော (သညာ=Memory ။ ဝိဉာဉ် Sensations) မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ အရသာခံခြင်း၊ ထိတွေ့သိခြင်း၊ တွေးသိခြင်းဆိုတဲ့ အာရုံခြောက်ပါးရဲ့ လှုံဆော်မှုတွေကို လူက စိတ်နဲ့ရုပ်နဲ့အတူတွဲပြီး တုံ့ပြန်တယ်။
စိတ်ကဦးဆောင်ပါတယ်။ စိတ်က ရှေ့သွားဖြစ်တယ်။ မိမိစိတ်ကို မိမိသတိဖြင့် စောင့်ကြပ်ထိန်း ကျောင်းခြင်းဟာ လိုအပ်တယ်။ အကျိုးရှိတယ်။ စိတ်လိုက်မာန်ပါ မှားယွင်းပြုမှုမျိုးမရှိအောင် ထိန်းနိုင်တယ်။
ဟုတ်ပါတယ်။ ကောင်းတယ်။ အကျိုးရှိတယ်။
သို့ပေမယ့် သူသူငါငါ သာမန်ပုထုဇဉ် လူသားတွေက ဘယ်သူမှ လောဘ၊ ဒေါသ၊ မောဟ ကင်းကွာအောင် သတိမပြတ် ကြည့်ကြပ်စီမံခန့်ခွဲနိုင်ခြင်းတော့မရှိနိုင်ဘူးပေါ့။ အကြိမ်ရေများစွာ သမထ၊ ဝိပဿနာအလေ့အကျင့် များများရင် သမာဓိစိတ်တည်ကြည်ခိုင်ခံ့မှုအားကောင်းလာပြီး သတိဆိုတဲ့ အာရုံကို မလွတ်အောင်ထိန်းကျောင်းမှုနဲ့ သမ္ပဇဉ်ဆိုတဲ့ သင့်မသင့်၊ လျော်မလျော်၊ ဘယ်လိုတုံ့ပြန်တာက အကောင်းဆုံးလဲဆိုတာ ရွေးချယ်နိုင်စွမ်း၊ ဆုံးဖြတ်ချက် အမှန် အကန် ချနိုင်တယ် ဆိုပါစို့။
မိမိကိုယ်ကို စိတ်ဖြူစင်အောင် သီလဆိုတာ အခြေခံ လေ့ကျင့်တည်ဆောက်ရပါတယ်။ မိမိသိစိတ်ထဲမှာ မိမိပြန်ကြည့်လို့ မမြင်နိုင်တဲ့မသိစိတ် (Unconseious Mind )ဆိုတာရှိသေးတယ်လို့ ခွဲစိတ်ဆရာဝန်ဆစ်ဂမန် ဖရွိုက်တို့၊ ကားလ်ဂူးစတပ်ဗ်ယွန်းတို့ ပညာရှင်အချို့ကဆိုတယ်။ မိမိကိုယ်ကို အပြစ်အညစ်အကြေး ကင်းရှင်းရင် စိတ်က ခွန်အားရှိပါတယ်။ အကုသိုလ်၊ ဒုစရိုက်မကောင်းမှုတွေ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ရက်စက်မှု၊ မသမာမှု၊ ခက်ထန် ရိုင်းစိုင်းအနိုင် ကျင့်မှု၊ လိမ်ညာလှည့်စားမှုမျိုးတွေများခဲ့ရင် မိမိကိုယ်ကိုအဟုတ် ထင်နေပေမယ့် မိမိမသိစိတ်ကတော့မိမိကို အပြစ်တင် စက်ဆုပ်နေသတဲ့။ စိတ်ခွန် အားကိုနည်းပါးစေပြီး မိမိကိုယ်ကို ယုံကြည်မှုတည် ဆောက်ရာမှာ အားနည်းချို့တဲ့စေပါသတဲ့။
ဒါဆိုသီလစောင့်သူ၊ သီလဖြူစင်သူတွေမှာကော ဘာအကျိုးရသလဲ။ လိပ်ပြာသန့်တယ်။ စိတ်အပြစ်ကင်းတဲ့ အတွက်ရွေးချယ်မှု၊ ချင့်ချိန်မှု၊ ဆုံးဖြတ်မှုတွေမှာ အကောင်းဆုံးရအောင် လုပ်ဆောင်နိုင်တယ်။
သီလဝတော စေတောပဏီစီဝိသုဒ္ဒတ္တာတဲ့။ ကိုယ် ကျင့်သီလ ကောင်းသူများကြတော့ ကောင်းတဲ့ဂုဏ်သတင်းများ အရပ်ဆယ်မျက်နှာသို့ ပျံ့နှံ့မွှေးထုံပြီးလိုအင်ဆန္ဒမှန်သမျှသည်လည်း တောင့်တလေရာ ဘာမဆို လိုလေသေးမရှိ၊ ပြည့်စုံလေ့ရှိတတ်တယ်တဲ့။ အထက်အကြီးအကဲများက ချီးမြှင့်မြှောက်စားတယ်။ လက်အောက်ငယ်သားများက ကြည်ညိုလေးစား ချစ်မြတ်နိုးခြင်းခံရလေ့ရှိတယ်။
သီလပြည့်စုံရင် သမာဓိရအောင် ကျင့်ကြံရတာ အဆင်ပြေလွယ်ကူစေတယ်။ သီလအကျင့်မကောင်းခဲ့ရင် စိတ်တည်ကြည်ဖို့ ခက်ခဲပါတယ်။ လောဘ၊ ဒေါသ၊ မောဟ လွန်ကဲတတ်တယ်။ အဲဒီတော့ သမာဓိဆိုတဲ့ စိတ်ကြည်လင် တည် ကြည်မြဲမြံမှုမရှိနိုင်ဘူး။ ဒီတော့ အထောက်အယူ၊ အကဲဖြတ်ချက်တွေလည်း လွဲချော်ပြီး ရွေးချယ်မှုလည်းမှားတတ်တာပေါ့။
အခွင့်အရေးကို အတားအဆီးလို့ထင်။
အခက်အခဲကိုအခွင့်အရေးလို့မြင်။ အဆိုးနဲ့ အကောင်းကိုပြောင်းပြန်လို သဘောထားလွဲမှားတာလည်းရှိတတ်တယ်။အ ထင်အမြင်သွေလွဲမှုများ။ အကောင်း၊ အဆိုး၊ အတက်အကျ၊ အနိမ့်၊ အမြင့်ဆိုတာတွေက ဘဝတစ်လျှောက်မှာ ဖြတ်သန်းကြရမှာပါပဲ။ မိမိကိုယ်ကိုခေါင်းဆောင်ကောင်းဖြစ်အောင် ပျိုးထောင်တည်ဆောက်နိုင်ရမယ်။ လောကုတ္တရာနည်း၊ လောကီနည်း ဘယ်ဘက်က စဉ်းစားစဉ်းစား သေချာပေါက်မှန်ကန်တဲ့အချက်ကတော့ “စိတ်ကောင်းရှိဖို့က ပထမ” ဆိုတဲ့ အခြေခံသဘောတရားပဲ ဖြစ်ပါတယ်။
စိတ်ကောင်းရှိထားရင် ဘာဖြစ်မလဲ။
(၁) လူ့သဘာဝနားလည်လွယ်တယ်။
(၂) ဆက်ဆံရေးကျွမ်းကျင် ပိုင်နိုင်လာမယ်။
လူတွေက ဘဝရှင်သန်ရပ်တည်ဖို့ရာအတွက် တစ်ခုမဟုတ်တစ်ခု သို့မဟုတ် နှစ်ခု၊ သုံးခုအလုပ်အမျိုးမျိုးကိုတော့ ပါဝင်လုပ်ကိုင်နေကြရပါတယ်။
ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ အဆိုတော်၊ စာရေး ဆရာ(စာရေးဆရာညိုမင်းလွင် ကလောင်အမည်၊ ဝင်ဦး အမည်တို့နဲ့ထင်ရှားတဲ့ဝတ္ထုရေး ဆရာဖြစ်ခဲ့ပါတယ်)၊ ဇာတ်ညွှန်းရေးဆရာ၊ ပြဇာတ်မင်းသား၊ မဂ္ဂဇင်းအယ်ဒီတာ၊ မဂ္ဂဇင်းထုတ်ဝေသူ (စန္ဒာမဂ္ဂဇင်းပိုင်ရှင်ပါ)၊ ဓာတ်ပြားထုတ် လုပ်သူ (ကင်းဝန်၊စန္ဒာဓာတ်ပြားတိုက်များ)၊ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်၊ (စန္ဒာရုပ်ရှင်) စသဖြင့်အလုပ်ဆယ်မျိုးလောက်ကိုအောင်အောင်မြင်မြင်တွင်တွင်ကျယ်ကျယ်လုပ်နိုင်ခဲ့သူလည်း ရှိဖူးပါတယ်။
အခြေခံသဘောကတော့-
• ဝန်ဆောင်မှုလုပ်ငန်း၊
• ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊
• ကုန်သွယ်ရောင်းဝယ်ခြင်း လုပ်ငန်းဆိုပြီး သုံးမျိုးသုံးစား ခွဲခြားနိုင်မှာပေါ့။
လုပ်ငန်းသုံးမျိုးစလုံးမှာ ပါဝင်တာက ဝန်ဆောင်ခြင်းသဘောပါ။ ဝန်ဆောင်မှုမှာ အောင်မြင်ချင်ရင် အခြေခံနှစ်ချက်ပြည့်စုံရန်လိုအပ်ပါတယ်။
(၁) ရင်းနှီးခင်မင်မှု။
(၂) ယုံကြည်စိတ်ချရမှု။
ဒါတွေပြည့်စုံအောင် မိမိမှာ ဘာလိုသေးသလဲဆိုရင်တော့ အများကြီး ရှည်လျားကျယ်ပြန့်ပါလိမ့်မယ်။ ဥပမာ နမူနာနှစ်ခုလောက် ဖော်ပြပါမယ်-
• အမြင်ကျယ်ရမယ်။ Panoramic View
• အဆက်မပြတ်ဆည်းပူးလေ့လာနေရပါမယ်။Continues Learning
မိမိကိုယ်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ။
#PAN