လောင်းကစားကြောင့် အကြွေးများတင်နေသော ဆရာဝန်မှ သူငယ်ချင်းဖြစ်သူ ဆရာဝန်အား ပြန်ပေးဆွဲသတ်ဖြတ်


(မှုခင်း) ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့ နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ဆရာဝန်တစ်ဦးအား ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အောင်ပင်လယ်ရပ်ကွက်နေ ဦးအောင်ကျော်စိုး၊ အသက် ၆၇ နှစ် ထံသို့ အမျိုးသား တစ်ဦး (စိစစ်ဆဲ)မှ ဖုန်းအမှတ် ၁၉၆၈၁၂၀၁၄၅၇ ဖြင့် ဆက်သွယ်၍ သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း အား ပြန်ပေးဆွဲထားကြောင်း၊ အသက်မသေစေလိုက ငွေကျပ်သိန်း ၃,၀၀၀ အား မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုခ်သို့ လာထားရန်၊ လာထားသောငွေအား ၎င်းတို့ လက်ခံရရှိပြီးမှသာ ဖုန်းဆက်သွယ်၍ သားဖြစ်သူအား ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့ အစည်းကိုမျှ တိုင်တန်းခြင်းမပြုရန်ပြောသဖြင့် ဦးအောင်ကျော်စိုးသည် မည်သူ့ထံမျှ တိုင်တန်းခြင်းမပြုဘဲ ၎င်းချိန်းဆိုသည့် နေရာသို့ သွားရောက်၍ ငွေကျပ် သိန်း ၃,၀၀၀ အား ပြန်ပေးဆွဲသူ ထားခိုင်းသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီးနောက် ငွေလက်ခံရရှိကြောင်း ပြန်ဆက်သွယ်သော်လည်း သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် အောင်ပင်လယ် နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်း၍ (ပ)၂၆၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် မသင်္ကာသူ ဒေါက်တာ အောင်ဇင်ဖြိုး၊ အသက် ၃၆ နှစ်၊ (ဘ)ဦးစိုးမြင့် (ချမ်းမြသာစည်မြို့ နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ လမ်းသစ်လမ်း × ၁၀၅ လမ်းကြား ငွေလရောင် ဆေးခန်း)အား စစ်ဆေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်အရ ဒေါက်တာ အောင်မြင့်မြတ်ထွန်းနှင့် ဆေးကျောင်းအတူတက်ရောက်ခဲ့သည့် သူငယ်ချင်းများဖြစ်ကြောင်း၊ ၎င်းသည် Online ဘောလုံး/ နှစ်လုံး/သုံးလုံးထီလောင်းကစားများကြောင့် အကြွေးများတင်ကာ ငွေကြေးလိုအပ်နေသဖြင့် သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း အား ပြန်ပေးဆွဲ၍ မိဘများထံ ငွေကြေးတောင်းခံရန်ရည်ရွယ်ကာ မြို့ ဟောင်းရှိ ၎င်းပိုင် ငွေလရောင်ဆေးခန်းသို့ ဖုန်းဆက်ခေါ်ဆိုခဲ့ကြောင်း၊ သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ကားဖြင့် ရောက်ရှိလာချိန်တွင် ဒေါက်တာ အောင်ဇင်ဖြိုးသည် ၎င်း၏ဆေးခန်းမှ အကူဖြစ်သူ လွမ်းဇင်အောင်(ခ)မိုးဒီ နှင့် အတူ ချုပ်နှောင်နပန်း လုံးပြီး ပါးစပ်၊ လက်၊ ခြေထောက်တို့အား တိတ်ဖြင့်ပတ်၍ လည်ပင်းညှစ်ရာမှ သေဆုံးသွားသဖြင့် အလောင်းအား ဆေးခန်းအတွင်း၌ထားရှိကာ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ၏ မိဘများထံ ဖုန်းဖြင့်အသံဖျက်၍ ပြန်ပေးဆွဲထားကြောင်း၊ ငွေကျပ် သိန်း ၃,ဝဝဝ အား မဟာမြတ်မုနိဘုရား တောင်ဘက်မုခ်သို့ လာရောက် ပို့ဆောင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများကလာရောက်ထားပေးခဲ့သည့် ငွေများအား မီနီအိုးဝေဖြင့် အဆင့်ဆင့်ငှား၍ ယူဆောင်ကာ အဆိုပါ ငွေထဲမှ ငွေ ၂၂ သိန်း ၅ သောင်းကျပ်ဖြင့် Canda 125 အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ငွေကျပ် ၈၈ သိန်းဖြင့် Scoopy အမျိုးအစားဆိုင်ကယ် ၁ စီး၊ ငွေကျပ်သိန်း ၈၀၀ ဖြင့် MDY-13 9N/6995 Honda Inside အမျိုးအစားမော်တော်ယာဉ် ၁ စီးတို့အား ဝယ်ယူခဲ့ကြောင်းနှင့် သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ အလောင်းအား သေဆုံးသူ၏ MDY-13 2L/2843 Honda Inside မော်တော်ယာဉ်ဖြင့် သယ်ယူကာ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင် ရပ်ကွက်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနှင့် (၇၈)လမ်းကြား၊ လမ်းဘေးရှိ ရေမြောင်းထဲသို့ ပစ်ချခဲ့ကြောင်း၊ မော်တော်ယာဉ်အား တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ လွမ်းဇင်အောင်(ခ)မိုးဒီ၊ ၂၈ နှစ်၊ (ဘ)ဦးတင်ထွဋ် ကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ အလောင်းကို ချမ်းမြသာစည် မြို့နယ်၊ ချမ်းတောင်ရပ်ကွက်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနှင့် (၇၈)လမ်းကြား၊ လမ်းဘေးရှိ ရေမြောင်းအတွင်းမှလည်းကောင်း၊ ကားအား တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝန်း အတွင်းမှလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ပြန်ပေးဆွဲခြိမ်းခြောက်တောင်းဆိုရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ဆိုင်ကယ် ၂ စီး၊ မော်တော်ယာဉ် ၁ စီး၊ ငွေစက္ကူရောရာ ၁,၀၂၂ သိန်းကျပ်နှင့် ပြစ်မှုကျူးလွန်ရာ တွင် အသုံးပြုခဲ့သည့် ဆိုင်ကယ် ၁ စီးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN