(နိုင်ငံတကာ) ဒီဇင်ဘာ ၂၀
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များ ပျံ့နှံ့မှုဖြစ်ပွား သည့်အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ် က အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
အဆိုပါ ဗိုင်းရပ်သည် နို့စားနွားများတွင် ကူးစက်ပျံ့နှံ့နေခြင်းဖြစ်ပြီး ယခုအခါ ထိုသို့ကူးစက်ပျံ့နှံ့နေသည့် ပြည်နယ်စုစုပေါင်း ၁၆ ခုအထိ ရှိလာပြီဖြစ်သည်။ ယင်းဗိုင်းရပ်သည် တိရိစ္ဆာန်များတွင်သာမက လူများသို့ပါ ကူးစက်ပျံ့နှံ့လာနေပြီး ယခုအချိန်အထိ တစ်နိုင်ငံလုံး၌ အဆိုပါဗိုင်းရပ်ကူးစက်ခံရသူ ၆၁ ဦးရှိသည်။
ကယ်လီ ဖိုးနီးယား ပြည်နယ်တစ်ခုတည်းမှာပင် ထိုသို့ကူးစက်ခံရသူ ၃၄ ဦးရှိသည်။ သို့သော် ယင်းဗိုင်းရပ်သည် လူ အချင်းချင်း ကူးစက်မှုမရှိသေးကြောင်း၊ အမေရိကန်ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
H5N1 ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုသည် လူသားများသို့ ကူးစက်ပါက လွန်စွာအန္တရာယ်များသည်ဟု ပညာရှင်များ က သတ်မှတ်ထားသည်။ ၂၀၀၃ ခုနှစ်မှစ၍ ထိုဗိုင်းရပ်ကူးစက်မှုကိုခံရသူ လူဦးရေ ၈၆၀ ကျော်ရှိကြောင်းနှင့် ၎င်းတို့ အနက် ၅၃ ရာခိုင်နှုန်း သေဆုံးမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews