(ကျန်းမာရေး)ဒီဇင်ဘာ ၂၀
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ Vitamin B6(Pyridoxine) အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Vitamin B မျိုးနွယ်၀င်ဖြစ်တဲ့ Vitamin B6 (Pyridoxine) ဟာ ဇီ၀တွင်းဖြစ်ပျက်မှုဆိုင်ရာဖြစ်စဉ်အတွက် အဓိကလိုအပ်တဲ့ ရေမှာပျော်၀င်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်မှု၊ ကြွက်သားတွေသန်စွမ်းဖို့အတွက် လိုအပ်တဲ့ဗီတာမင်ဖြစ်တဲ့အပြင် အရေပြားကျန်းမာရေးနဲ့ ကိုယ်ခံစွမ်းအားမြှင့်တင်ရာမှာ အလွန်အရေးပါလှတဲ့ ဗီတာမင်ဖြစ်ပါတယ်။ Vitamin B6 ကို ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ ကလေးဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် မှီဝဲပေးဖို့လိုအပ်ပါတယ်။
Vitamin B (Pyridoxine)ကို ဘာအတွက်အသုံးပြုကြသလဲ
Vitamin B6 (Pyridoxine) ကို Sideroblastic Anemia ဟုခေါ်သောမျိုးရိုးလိုက်သည့် သွေးအားနည်းရောဂါ၊ Pyridoxine ချို့တဲ့ခြင်း၊ သွေးတွင်း Homocysteine လယ်ဗယ်များနှင့် မွေးကင်းစများတွင်ဖြစ်သောတစ်ချို့သောအတက်ရောဂါတို့၌ အသုံးပြုကြပါတယ်။
Vitamin B6 ၏ ကောင်းကျိုးများ
အသက်အရွယ်ကြီးလာသူတွေမှာ ကိုယ်ခံစွမ်းအားကောင်းမွန်ဖို့အတွက် ပိုလိုအပ်တဲ့ Vitamin B6 ဟာ သွေးတွင်းသကြားဓာတ်ကိုပုံမှန်ဖြစ်စေပြီး အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။သက်သာပျောက်ကင်းစေနိုင်တဲ့ ရောဂါလက္ခဏာများကတော့ –
• ၀က်ခြံ
• အယ်ဇိုင်းမားရောဂါ
• သွေးအားနည်းရောဂါ
• ပန်းနာရင်ကျပ်ရောဂါ
• သွေးကြောလေးကျစ်ခြင်း/သွေးကြောကျဉ်းခြင်း
• အော်တစ်ဇင်ရောဂါ
• ဆာလောင်ရောဂါ
• အပူလောင်ဒဏ်ရာ
• အရက်စွဲရောဂါ
• မှတ်ဉာဏ်ချို့တဲ့ခြင်း
• စိတ်ကျရောဂါ
• HIV
• ပါကင်ဆန်ရောဂါ
• ရိုးဆက်ရောင်ရမ်းနာ
• စိတ်ကစဥ့်ကလျားရောဂါ
• အူမကြီးရောဂါ
Vitamin B6 ချို့တဲ့မှု
Vitamin B6 ကြွယ်၀တဲ့ အစားအစာတွေ လုံး၀မစားလို့ဖြစ်စေ(သို့) အစားနည်းလို့ဖြစ်စေ Vitamin B6 ချို့တဲ့မှုနဲ့ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သူတွေနဲ့ သန္ဓေတားဆေးသုံးစွဲနေတဲ့ အမျိုး သမီးတွေမှာ ချို့တဲ့မှုဖြစ်နိုင်ချေမြင့်မားပြီး အရက်အလွန်အကျွံသောက်သူတွေ၊ ကော်ဖီကို တစ်ခွက်ကနေ နှစ်ခွက်ထက်ပိုပြီး စွဲလမ်းနှစ်ခြိုက်နေတဲ့သူတွေအနေနဲ့ Vitamin B6 ပါ၀င်တဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးဖို့လိုအပ်ပါတယ်။
Vitamin B6 ချို့တဲ့နေခြင်းကို သိရှိနိုင်မယ့်ရောဂါလက္ခဏာများကတော့ –
• သွေးအားနည်းခြင်း
• စိတ်ရှုပ်ထွေးခြင်း
• တက်ခြင်း
• စိတ်ဓာတ်ကျခြင်း
• အရေပြားနီ၍ ရောင်အမ်းနာကျင်ခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
• ရောင်ရမ်းခြင်း
• ကိုယ်ခံအားကျဆင်းခြင်း
• အနာများပေါက်ခြင်း
Vitamin B6 ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
Vitamin B6 ဟာ ရေမှာပျော်၀င်တဲ့ ဗီတာမင်ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားနိုင်စွမ်း မရှိတဲ့အတွက် အဆိပ်အတောက်မဖြစ်စေဘူးလို့ သတ် မှတ်မိပါမယ်။ ဒါပေမဲ့ Vitamin B6 ဆေးဝါးတွေ လွန်ကဲများပြားစွာ မှီ၀ဲခြင်း၊ တစ်နေ့တာလိုအပ်ချက်ထက် ပိုမိုစားသုံးခြင်းတို့ကြောင့် ခြေလက် ထုံကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ ပျို့ခြင်း၊ ရောဂါလွယ်ကူစွာကူးစက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ တစ်ချို့တွင် Vitamin B6 (Pyridoxine) သည် ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အိပ်ငိုက်ခြင်းနှင့် တခြားဘေးထွက်ဆိုးကျိုးများခံစားရနိုင်ပါသည်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာ ရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Vitamin B6 မြင့်မားစွာပါ၀င်တဲ့ အစားအစာများ
ခန္ဓာကိုယ်အတွက် လွန်စွာမှအရေးကြီးလှတဲ့ Vitamin တွေကို အစားအစာတွေမှ အဓိက ရနိုင်တာကြောင့် Vitamin B6 ပါ၀င်တဲ့ အစားအစာတွေကိုလည်း ရွေးချယ်စားသောက်တတ်ဖို့ လိုအပ်ပါတယ်။
Vitamin B6 ကြွယ်၀စွာပါ၀င်တဲ့ အစား အစာရင်းမြစ်များကတော့ ထောပတ်သီး၊ငှက်ပျောသီး၊ နွားနို့၊ အသား၊ ဂျုံစေ့အဆန်၊ ပြောင်းဖူး၊ မုန်လာဥဝါ၊ ပဲတောင့်ရှည်၊ ပဲနီကလေးနှင့် ပဲအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်း ရွက်များ၊ ဂေါ်ဖီထုပ်၊ အာလူး၊ အခွံမာသီးအစေ့အဆန်များ၊ ပဲပုပ်၊ ဒေါက်ခွရွက် တို့ဖြစ်ပါတယ်။
တစ်နေ့တာလိုအပ်ချက်အနေနဲ့ အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ 1.3 mg ပမာဏနဲ့အညီ အချိုးအစားမျှတစွာ စားသုံးပေးသင့်ပါတယ်။ တစ်နေ့ကို 50 mg ထက်များရင်တော့ အဆိပ် အတောက်ဖြစ်နိုင်ကြောင်း သတိ ပေးထားပါတယ်။
(Crd: Hello ဆရာဝန် ၊ Dr Myanmar)
#PAN