ငွေလဲဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲသည့်အဖွဲ့အား ၆ ရက်အတွင်း အသေပစ်ခတ် ဖမ်းဆီးရမိ


(မှုခင်း) ဒီဇင်ဘာလ ၁၉

ဒီဇင်ဘာလ (၁၃)ရက်နေ့ ၊ နံနက်ပိုင်း၌ တာချီလိတ် မြို့နယ် ၊ မယ်ခေါင်ရပ်ကွက် ၊ အိုကေ ငွေလဲဆိုင် ဖွင့်ထားသူ ဦးရန်ထင်ချမ်းဆိုသူအား အမည်မသိ လူငယ် ၄ ဦးမှ ၄င်း၏ အိမ်ရှေ့တွင် ရေဖြန်းနေစဉ် အလိုမတူ ခေါ်ဆောင်သွားခဲ့သဖြင့် ပြန်ပေးဆွဲခံရသူ ဦးရန်ထင်ချမ်း၏ ဇနီး ဒေါ်ကြည်ကြည်ဌေးမှ တရားလိုဖြင့် တရားခံများ အမြန်ဆုံး ဖမ်းမိနိုင်ရေးနှင့် သူမ၏ ယောက်ျားအား ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများအား အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲ ခေါ်ဆောင်ခံရစဉ်တွင် အသုံးပြုသည့်ကားအား တာချီလိတ်မြို့နယ်၊ ဗိုလ်ချုပ်လမ်းမမှတဆင့် ပုံလို့လမ်း၊ လားဟူစျေး၊ ထိုမှတဆင့် ဟယ်ရီပေါ်တာ (ဝရွာ) ၊ ကြိုဆိုပါ၏ ဆိုင်းဘုတ်ဘေးမှနေ၍ ပါဆတ်ရပ်ကွက်အတွင်းသို့ ဝင်ရောက်သွားကြောင်း တာဝန်ရှိရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ နယ်မြေသတင်းပေးများ၏ ချိတ်ဆက်ဆောင်ရွက်မှုမှ တဆင့် သိရှိခဲ့ကြောင်း သိရှိရသည်။

နယ်မြေ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ပါဆတ်ရပ်ကွက်နှင့် ဆေးခမ်းရပ်ကွက် ဝန်းကျင်ရှိ ပြန်ပေးဆွဲရာတွင် အသုံးပြုခဲ့သည့် ကားအမျိုးအစားနှင့် နံပါတ်ပေါ် မူတည်၍ လိုက်လံရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်ကာ တရားခံများအမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သံသယရှိသဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသော ပါဆတ်ရပ်ကွက် ဆင်ဖြူမင်း လမ်းကြားရှိ အိမ်အမှတ် (၁/၂၇၀)တွင် ပြန်ပေးဆွဲရာ၌ အသုံးပြုသည့် ကားနှင့် သဏ္ဍန်တူသော တိုယိုတာ ၊ခရောင်း၊ ရွိုင်ရယ် ဆလွန်း (အဖြူရောင် ) ကို တွေ့ရှိရကြောင်း သတင်းရရှိရသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူးထံ သတင်းပေးပို့ခဲ့ရာ သက်ဆိုင်ရာ တာဝန်ခွဲဝေဆောင်ရွက်၍ တရားခံများ ခိုအောင်းနေထိုင်သည့် အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေ စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်ဗျူဟာအဖွဲ့၊အခြေချ (တာချီလိတ်)မှ ခေတ္တ စစ်ဗျူဟာ မှူး ဒုတိယ ဗိုလ်မှူးကြီး သန့်လှိုင်ဝင်း ဦးဆောင်သောစစ်ဗျူဟာအဖွဲ့၊ တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှုး ဒုရဲမှူးကြီး ချမ်းမြေ့ဝင်း ဦးဆောင်သော ရဲ တပ်ဖွဲ့များ ၊နယ်မြေပြည်သူ့စစ် အဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပါဆတ်ရပ်ကွက်အတွင်းရှိ သံသယရှိနေအိမ်အား စီးနင်းရှာဖွေခဲ့ရာ ပြစ်မှု ကျူးလွန်သည့် တရားခံအဖွဲ့မှ စတင်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် အပြန်အလှန် ပစ်ခတ် ဖမ်းဆီးခဲ့ကြရာ ပြန်ပေးဆွဲ ဓားစာခံ ဖြစ်သည့် ဦးရန်ထင်ချမ်း အား ဘေးကင်းစေရေး ဦးစားပေးကယ်ဆယ်ရန် ဆောင်ရွက်ခဲ့ပြီး တရားခံ ကျန်းဘီယင်းနှင့် မောင်မောင်ဦးပါ (၆)ဦးအား အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အပြန်အလှန် ပစ်ခတ်မှုကြောင့် အမည်မသိ သေဆုံးသူ တရားခံတစ်ဦး၏ လက်ထဲ၌ M 16 သေနတ်အရှည် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် ၁၇ တောင့်၊ ကျည်ဆံခွံ ၁၄ ခုနှင့်အတူ ပွိုင့် ၃၈၀ အမျိုးအစား ပစ္စတိုသေနတ် အတိုတလက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၄ တောင့် ၊ ကျည်ခွံ ၄ ခုနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ WY စိတ်ကြွရူးသွပ်ဆေးပြား (၆၅၀၀၀)ပြား၊ ကားနံပါတ်ပြား ၆ ခု၊ အနက်ရောင် ကျည်ကာ ၂ ထည်၊ ပဲခူးတိုင်း ရဲတပ်ဖွဲ့ အကျီတံဆိပ်ပါ ယူနီဖောင်း အကျီတစ်ထည်နှင့် မှုခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် အဝတ်အစားများ၊ ၄င်းတို့ကိုင်ဆောင်သည့် ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရှိရသည်။

သေဆုံးသွားသည့် တရားခံ ၆ ဦးအနက် ကျန်းဘီယင်း နှင့်မောင်မောင်ဦး တို့မှာ ကွတ်ခိုင်မြို့တွင် နေထိုင်ကြသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျန်သည့် သေဆုံးတရားခံများလည်း မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းစစ်ဆေးကာ သေမှုသေခင်းရေး ဆောင်ရွက်ရန်အတွက် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN