(စီးပွားရေး) ဒီဇင်ဘာ ၁၈
လက်ရှိကာလတွင် ပြည်တွင်း၌ ကော်ဖီထွက်ရှိချိန်ဖြစ်တာကြောင့် ပြင်ဦးလွင်ဒေသထွက် ကော်ဖီသီးမှည့်များကို ကော်ဖီလုပ်ငန်းရှင်များက စတင်ဝယ်ယူကြပြီး တစ်ပိဿာလျှင် ငွေကျပ် ၂,၅ဝဝ မှ ၃,၅ဝဝ အထိဈေးရရှိကာ ဈေးအမြင့် နှင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ဧက ၁၀,၀၀၀ ခန့်ရှိပြီး ပြင်ဦးလွင်ကော်ဖီက ဈေးကွက်အတွင်း နာမည်ရရှိသဖြင့် ကော်ဖီသီးမှည့်တစ်ပိဿာလျှင် ၂၀၂၃ ခုနှစ်က ငွေကျပ် ၂,၃ဝဝ မှ ၂,၅ဝဝ အထိ ဈေးရရှိခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်မှာ ငွေကျပ် ၂,၅ဝဝ မှ ၃,၅ဝဝ အထိ ပေါက်ဈေးရရှိနေပါတယ်။
အရည်အသွေးကောင်းမွန်သော ကော်ဖီသီးမှည့်များကို ကော်ဖီလုပ်ငန်းလုပ်ကိုင်ကြသူများက တစ်ပိဿာလျှင် ၃,၅ဝဝ ကျပ်အထိ ဈေးပေး၍ဝယ်ယူလျက်ရှိသလို နိုင်ငံခြားကုမ္ပဏီများသို့ တင်ပို့ရောင်းချမည့် Export ကုမ္ပဏီများ ကလည်း ပြည်တွင်းမှကော်ဖီသီးမှည့်များကို စတင်ဝယ်ယူလျက်ရှိနေပါတယ်။
မြန်မာနိုင်ငံမှ ကော်ဖီတန်ချိန် ၂,ဝဝဝ နှင့်အထက်ကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့နေရပြီး မြန်မာ့ဒေသ ထွက်ကော်ဖီမှာ အရည်အသွေးကောင်းမွန်၍ Speciality Grade ကို နိုင်ငံခြားမှ ကော်ဖီလုပ်ငန်းရှင်များက အထူးကြိုက် နှစ်သက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံမှထွက်ရှိတဲ့ ကော်ဖီစေ့များကို တင်ပို့လျက်ရှိတဲ့ ပြည်ပနိုင်ငံများအနက် ယူအေအီး၊ ဂျပန်၊ ဂျပန်၊ စပိန်၊ အမေရိကန်၊ ဗြိတိန်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်၊ ကိုရီးယား၊ နယ်သာလန်၊ ဆော်ဒီအာရေဗျ၊ ဩစတြေးလျ၊ ပြင်သစ်၊ စင်ကာပူ၊ ဂျာမနီ၊ ကနေဒါ အစရှိတဲ့ နိုင်ငံနှင့်ဒေသများသို့ ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့လျက်ရှိပြီး နယ်စပ် လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews