ဆိုင်ကလုန်း ချီဒိုကြောင့် မေယော့ကျွန်းစု၌ လူ ၁,၀၀၀ နီးပါးသေဆုံးဖွယ်ရှိ

(နိုင်ငံတကာ) ဒီဇင်ဘာ ၁၇

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ပြင်သစ်နိုင်ငံ မေယော့ကျွန်းစု၌ ဆိုင်ကလုန်းမုန်တိုင်း ချီဒိုဝင်ရောက် တိုက်ခတ် မှုကြောင့် ဒေသခံ ပြည်သူ ၁,၀၀၀ နီးပါး သေဆုံးဖွယ်ရှိသည်ဟု ဒေသအုပ်ချုပ်ရေးမှူးက ဒီဇင်ဘာလ ၁၆ ရက်တွင် ပြောသည်။

အဆိုပါ မုန်တိုင်းသည် ဒီဇင်ဘာလ ၁၅ ရက်တွင် ဝင်ရောက်တိုက်ခတ်ခြင်းဖြစ်ပြီး ထိုသို့တိုက်ခတ်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၄၀ နှုန်းရှိသောကြောင့် အလွန်အင်အားပြင်းထန်သော မုန်တိုင်းတစ်လုံးဖြစ် သည်ဟု တာဝန်ရှိသူများပြောသည်။

ထို့ပြင် ပြင်သစ်နိုင်ငံ၏ အဆင်းရဲဆုံးသောဒေသများအနက် တစ်ခုဖြစ်သည့် မေယော့ကျွန်းစုသို့ ထိုကဲ့သို့ အင်အားအလွန်ပြင်းထန်သော မုန်တိုင်းတိုက်ခိုက်မှုသည် နှစ်ပေါင်း ၉၀ အတွင်း ပထမ ဆုံးအကြိမ်ဖြစ်ပြီး လှိုင်းများမှာလည်း အမြင့် ၈ မီတာအထိ ရောက်ရှိသည်ကို တွေ့ရသည်။

တစ်ချိန်တည်းမှာပင် မုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ ပြိုလဲခြင်းနှင့်လမ်းများ ပျက်စီးခြင်းတို့ ကြောင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်းနှင့် အချိန်တိုင်းသည် မေယော့ကျွန်းစုပြည်သူများကို ကယ်ဆယ်နိုင်ရေးအတွက် အလွန်အရေးကြီးကြောင်း အရပ်ဘက် လုံခြုံရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မုန်တိုင်းပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်းသည် ကမ္ဘာ ပျက်သည့် မြင်ကွင်းနှင့်အလားသဏ္ဍာန်တူကြောင်း လူဦးရေသုံးသိန်းမျှသာရှိသည့် မေယော့ကျွန်းစုမှ ဒေသခံ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ မုန်တိုင်းက အလွန်အင်အားပြင်းထန်ခြင်းသည် လူသားများကြောင့် ဖြစ်သော ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN