(ပြည်တွင်း) ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်မှာ တည်ထားကိုးကွယ်တဲ့ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်သို့ ကျပ် ၁၀ ဘီလီယံခန့် ကုန်ကျမည့် ရွှေသင်္ကန်းတော်အား ကပ်လှူသွားမည်ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့၊ ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဦးစီးကော်မတီမှ သိရပါတယ်။
စေတီတော်ကြီးသို့ လုံးတော်ပြည့်ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရေးလုပ်ငန်းကို လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်မည်ဖြစ်ပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးနှင့် အရန်စေတီတော်များကိုပါ ရွှေစင်ရွှေပြား၊ ကြေးဘောင်ကြေးပြားနှင့် မျက်ပါးရွှေဆိုင်း ရွှေသင်္ကန်းတော်များကို ကပ်လှူပူဇော်သွားမှာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာလည်း ရွှေသင်္ကန်းတော်ကပ်လှူနိုင်ရန် လုံးတော်ပြည့်ငြမ်းစေတီ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကာ လှူဒါန်းမည့်အလှူရှင်များအနေဖြင့်လည်း ရွှေစင်ရွှေပြား တစ်ကျပ်သားလျှင် သိန်း ၃၀ နှုန်း၊ ၉ လက်မပတ်လည် ကြေးပြားပေါ်ကပ် ရွှေတစ်ကျပ်ခွဲသား လျှင် ၄၅ သိန်းနှုန်း ကျသင့်မှာဖြစ်ပြီး ကြေးပြားတွင် အလှူရှင် အမည်ကို ကမ္ဗည်းထိုးပေးမှာဖြစ်ကြောင်း၊ ရွှေဆိုင်းအနေဖြင့်လည်း ရာစည်းတစ်ဆိုင်းလျှင် ကျပ်သုံးသိန်း၊ ၉ လက်မပတ်လည် ရွှေဆိုင်းအတွက် ၇၅,၀၀၀ ကျပ်၊ မျက်ပါးရွှေ ၁၀ ရွက်လျှင် ကျပ် ၃၀,၀၀၀ စသဖြင့် ကျသင့်မှာဖြစ်ပြီး သဒ္ဒါတတ်အားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထား ပါတယ်။
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ရာတွင်လည်း ရထားပျံဖြင့် ကပ်လှူသွားမှာဖြစ်ပြီး ပူဇော်ခြင်း အခမ်းအနားကို လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ပြုလုပ်ရန် စီစဉ်ထားပြီး ကပ်လှူခြင်းလုပ်ငန်းစဉ်ကိုလည်း ဧပြီလကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေလမှာ စေတီတော်မြတ်ကြီးကို ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် လှူဒါန်းမှု အစုစုတို့အတွက် စုပေါင်းရေစက်ချ အောင်ပွဲကိုလည်း ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
PAN