ဗီတာမင် (ဘီ) အုပ်စုအကြောင်း သိကောင်းစရာ

(ကျန်းမာရေး)ဒီဇင်ဘာ  ၁၅

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ဗီတာမင် (ဘီ) အုပ်စုအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      ဗီတာမင်(ဘီ)အုပ်စုဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားဖြစ်တာကြောင့် ခန္ဓာကိုယ်မှာ သိုလှောင်ထားနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် ဗီတာ မင်(ဘီ)အုပ်စုပါဝင်တဲ့အစားအစာတွေကို နေ့စဉ်လုံလုံလောက်လောက်စားသုံးပေးဖို့လိုအပ်ပါတယ်။ ဗီတာမင်(ဘီ)အုပ်စုဟာ ခန္ဓာကိုယ်ရဲ့လုပ်ငန်း ဆောင်တာအများစုအတွက်အရေးပါပြီး ကျန်းမာရေးကောင်းကျိုးများစွာလည်းရရှိစေပါတယ်။ ဗီတာမင်ဘီအုပ်စုမှာဆိုရင် B1 (thiamine), B2(riboflavin), B3(niacin), B5(pantothenic acid), B6(pyridoxine), B7(biotin), B9(folate), B12(cobalamin) စတာတွေပါဝင်နေပါတယ်။

      ဗီတာမင် (ဘီ) အုပ်စုဟာဆိုရင် အာရုံကြောကျန်းမာရေး၊ ကြွက်သားကျန်းမာရေး၊ ဆဲလ်ကျန်းမာရေး စတာတွေအတွက် အထောက်အပံ့ဖြစ်စေသလို ကိုယ်ခံအားကောင်းမွန်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း စတာတွေအတွက်လည်း အရေးပါပါတယ်။ ဗီတာမင် (ဘီ)အမျိုးအစားတစ်ခုချင်းစီရဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဗီတာမင် B1

     ဗီတာမင် B1 ဟာ ခန္ဓာကိုယ်တွင်းဇီဝရုပ်ဖြစ်ပျက်မှုတွေကို ကောင်းစွာလည်ပတ်နိုင်အောင် ထောက်ပံ့ပေးပြီး အစားအစာမှစွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဦးနှောက်၊ နှလုံးစတဲ့ အရေးကြီးအင်္ဂါအစိတ် အပိုင်းတွေကျန်းမာအောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ အဓိကအားဖြင့် ဝက်သား၊ နေကြာစေ့ စတာတွေကနေ ဗီတာမင် B1 ကို ရရှိနိုင်ပါတယ်။

ဗီတာမင် B2

      ဗီတာမင် B2 ဟာ ခန္ဓာကိုယ်တွင်း အဆီနဲ့ဆေးဝါးတွေကို ခြေဖျက်နိုင်ဖို့ ကူညီပေးပါတယ်။ အမဲသား၊ မှို၊ အသားစတာတွေကနေ ဗီတာမင် B2ကို ရယူနိုင်ပါတယ်။

ဗီတာမင် B3

      ဗီတာမင် B3 ဟာ အာရုံကြောကျန်းမာစေခြင်း၊ အသားအရေကျန်းမာစေခြင်းနဲ့ အစာခြေစနစ်အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဗီတာမင် B3 ကို ကြက်သား၊ တူနာငါးနဲ့ ပဲအမျိုးမျိုးတို့ စားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။

ဗီတာမင် B5

      ဗီတာမင် B5 ဟာလည်း ဦးနှောက်နဲ့အာရုံ ကြောကျန်းမာစေဖို့ များစွာအထောက်အပံ့ဖြစ်စေပါတယ်။ ဗီတာမင် B5 ပါဝင်တဲ့ အစားအစာတွေကတော့ အသည်း၊ ငါး၊ ဒိန်ချဉ်နဲ့ ထောပတ်သီး စတာတွေဖြစ်ပါတယ်။

ဗီတာမင် B6

     ဗီတာမင် B6 ကတော့ သွေးနီဥအသစ်တွေထုတ် လုပ်နိုင်ဖို့အတွက် များစွာအရေးပါပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဆယ်လ်မွန်ငါး၊ အာလူး စတာတွေမှာ ဗီတာမင် B6 အများဆုံး ပါဝင်နေပါတယ်။

ဗီတာမင် B7

      ဗီတာမင် B7 (ခေါ်) biotin ဟာ ဆံပင်နဲ့လက် သည်းခြေသည်းတွေ ကျန်းမာလှပဖို့ ကူညီပေးနိုင်ပါတယ်။ ဆယ်လ်မွန်ငါး၊ အသည်း၊ ကြက်ဥ၊ ချိစ် စတာတွေကနေ biotin ကို ရရှိနိုင်ပါတယ်။

ဗီတာမင် B9

      ဗီတာမင် B9 (ခေါ်) folic acid ဟာ DNA နဲ့ genes တွေ ဖွဲ့စည်းတည်ဆောက်ဖို့အတွက်အရေးပါပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ folic acid ကို အထူးလိုအပ်ပြီး မွေးလာတဲ့ကလေးမှာ ချို့ယွင်းချက်တွေရှိမလာစေဖို့ ကာကွယ်ပေးပါတယ်။ အစိမ်းရောင်အသီးအရွက်များ၊ ပဲအမျိုးမျိုးနဲ့ အသည်းစတာတွေမှာ ဗီတာမင် B9 ပါရှိနေပါတယ်။

ဗီတာမင် B12

       သွေးတွင်းဆဲလ်တွေနဲ့ အာရုံကြောစနစ်ကျန်း မာစေဖို့ ဗီတာမင် B12လိုအပ်ပါတယ်။ ဗီတာမင် B12 လုံလောက်စွာစားသုံးရင် သွေးအားနည်းခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အသား၊ ပင်လယ်စာ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း စတာတွေကနေ ဗီတာမင် B12 ကို ရရှိနိုင်ပါတယ်။

      ဗီတာမင် (ဘီ) အုပ်စုကို နေ့စဉ်အစားအစာတွေကနေ လုံလုံလောက်လောက်ရရှိအောင်စားသုံးသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ သတ် သတ်လွတ်စားသူတွေ၊ အစာအိမ်နဲ့အူလမ်းကြောင်းမှာ ခွဲစိတ်ဖြတ်ထုတ်ဖူးသူတွေ၊ အသက်အရွယ်ကြီးမြင့်သူတွေ၊ ရောဂါအခံရှိသူတွေ စတာတွေကတော့ ဗီတာမင် (ဘီ) အုပ်စုကို အခြားသူတွေထက် ပိုမိုလိုအပ်တာကြောင့် ဗီတာမင် B complex အားဆေးလေးတွေကို သောက်သုံးပေးရမှာဖြစ်ပါတယ်။
(Crd: OnDoctor)

#%AN