(ကျန်းမာရေး)ဒီဇင်ဘာ ၁၄
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ဗိုက်တာမင်အေ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဗိုက်တာမင် အေသည် အဆီတွင် ပျော်ဝင်နိုင်သော ဗိုက်တာမင်အုပ်စု အမျိုးအစားတွင် ပါဝင်ပါတယ်။ ဗိုက်တာမင်အေသည် ၂ မျိုး ၂စား ရှိပါတယ်။ Preformed Vit A ဖြစ်တဲ့ ရက်တီးနွိုက် (retinoid) ကို တိရိစ္ဆာန် အသည်းနဲ့ နို့နဲ့နို့ထွက်ပစ္စည်းများက ရနိုင်တယ်။ Provitamin A ဖြစ်တဲ့ ဘီတာ ကယ်ရိုတင်း (beta-carotene) ကို အနီရောင် နဲ့ အဝါရောင်ရှိ အသီးများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ မုန်လာဥနီ စတာတွေက ရနိုင်တယ်။
ဗိုက်တာမင်အေ က ဘာတွေ လုပ်ပေးသလဲ
• အရေပြား ၊မျက်လုံးနဲ့ ဆံကေသာ ကျန်းမာဖို့အတွက် လုပ်ဆောင်ပေးတယ်။
• ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရာမှာလည်း ပါဝင်တယ်။
• ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ပေးနိုင်တယ်။
• ဓာတ်တိုးဆန့်ကျင်တဲ့ Anti-oxidant အာနိသင် ရှိပါတယ်။
• အချွဲမြှေးတွေ မပျက်စီးအောင်လည်း ကာကွယ်ပေးတယ်။
ဗီတာမင် အေ ဘာကြောင့်လိုအပ်သလဲ
လူသားတို့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်ဓာတ်များထဲတွင် ဗီတာမင် အေ အပါအဝင်ဖြစ်ပါသည်။
ဗိုက်တာမင်အေသည် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ရိုးတွင်းချင်စီ မှ သွေးဖြူ ဥများ ထုတ်လုပ်ပေးသည်။ ၎င်းသွေးဖြူဥများ သည် လူကို နေမကောင်းဖြစ်စေသော ဘတ်တီးရီးယား ၊ဗိုင်းရပ်စ် စသည်တို့ကို တိုက်ထုတ်ပေး သည်။
ဗီတာမင် အေဟာ သင့်ရဲ့ မျက်စိကျန်းမာရေးအတွက်လည်း မရှိမဖြစ်အရေးပါ ပါတယ်။ ဗီတာမင် အေသည် အလင်းအားနည်းနေချိန်မှာတောင် အမြင်အာရုံ ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကြက်မျက်သင့်ရောဂါဖြစ်ပွားမှုကိုပါ လျော့ကျစေပါတယ်။
ဗီတာမင်အေဟာ အရေပြားကျန်းမာရေးအတွက်လည်း အရေးပါ ပါတယ်။ အိုမင်းရင့်ရော်မှုကိုနှေးကွေးစေခြင်း၊ ဝက်ခြံထွက်မှုကို လျှော့ချပေးခြင်း စသည့် ကောင်းကျိုးများ ရရှိစေပါတယ်။
ဒါ့အပြင် ဗီတာမင်အေသည် အရိုးကျန်းမားရေးကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း၊ မျိုးပွားအဖွဲ့အစည်းများကို အားကောင်းစေခြင်း၊ စတဲ့ ကောင်းကျိုးများလည်း ပေးစွမ်းပါတယ်။
ဗိုက်တာမင်အေ တစ်နေ့တာအတွက်ဘယ် လောက် လိုအပ်သလဲ
• လူကြီးဆိုရင် ၇၅၀ မိုက်ခရိုဂရမ် ။
• နို့တိုက်မိခင်ဆိုရင် ၁၂၀၀ မိုက်ခရိုဂရမ် ။
• တစ်နေ့ကို ၁၅၀၀ မိုက်ခရိုဂရမ်ထက် ပိုမစားသင့် ။
ဗိုက်တာမင်အေ ချို့တဲ့ရင် ဘာတွေ ဖြစ်နိုင်သလဲ
• အသားအရေ ခြောက်သွေ့ခြင်း ၊ကြာဆူးဖြစ်မယ် ။
• အရေပြား လန်ခြင်း၊ အရေပြားခြောက်သွေ့ခြင်း ။
• အမြင်မှုန်ဝါးခြင်း ၊ကြက်မျက်သင့်မယ် ။
• မျိုးမပွားနိုင်ခြင်း ။
• ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးခြင်း ။
• ကိုယ်ခံအား ကျဆင်းခြင်း၊ ရောဂါပိုး ဝင်လွယ်ခြင်း စတဲ့ ဆိုးကျိုးများ ခံစားရနိုင်ပါတယ်။
ဗီတာမင်အေဓာတ် ကြွယ်ဝစေဖို့
ကျွန်ုပ်တို့ ခန္ဓာကိုယ်ဟာ ဗီတာမင် အေ ဓာတ်ကို မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် ဗီတာမင်အေ ကြွယ်ဝ တဲ့ အစားအစာ တွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဗီတာမင်အေဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ –
• ငရုတ်ပွအနီ ။ ဗီတာမင်အေဆိုတာရက်တီးနွိုက်လို့ခေါ်တဲ့ ဓါတ်ပစ္စည်းအုပ်စုဖြစ်ပါတယ်။ ငရုတ်ပွအနီဟာ အရသာချိုပြီး အနံ့မွှေးတာမို့ ဟင်းထဲထည့်ချက်တာအဆင်ပြေပါတယ်။ ဒီငရုတ်ပွမှာ ဗီတာမင်အေ ကြွယ်ဝလို့ တစ်လုံးလောက်ချက်စားရင်ပဲ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်အေပမာဏကို တဝက်လောက်ပြည့်ဝစေပါတယ်။
• ဟင်းနုနွယ် ။ ဗီတာမင်အေ မှာ အမျိုးအစားနှစ်မျိုးရှိပါတယ်။Preformed vitamin A လို့ခေါ်တဲ့ ပထမတစ်မျိုးမှာ ကြက်၊ဝက်၊အသား၊ငါးနဲ့ နို့ထွက်ပစ္စည်းတွေပါဝင်ပြီး ခန္ဓါကိုယ်ထဲမှာ ဗီတာမင်အေအဖြစ်ပြောင်းလဲချက်လုပ်ဖို့မလိုတဲ့ အရံသင့်အမျိုးအစားဖြစ်ပါတယ်။ ဒုတိယအမျိုးအစားprovitamin A မှာတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေပါဝင်ပြီး ခန္ဓါကိုယ်ထဲရောက်မှ ဗီတာမင်အေဖြစ်လာအောင်ပြုပြင်ချက်လုပ်ရတာဖြစ်ပါတယ်။ ဟင်းနုနွယ်က ဒီအမျိုးအစားဝင် ဗီတာမင်အေ ကြွယ်ဝတဲ့ အရွက်တစ်မျိုးဖြစ်လို့ မကြာခဏစားပေးပါ။
• အမဲသား ။ အမဲသားမစားတဲ့သူတွေအတွက်တော့ရွေးချယ်စရာမဟုတ်ပေမယ့် အမဲအသည်းဟာ ဗီတာမင်အေကြွယ်ဝပြီး ကိုယ်ခံအားကို ဝုန်းခနဲမြင့်တက်စေနိုင်စွမ်းရှိပါတယ်။ သူကရောဂါပိုးတွေကို ခုခံတိုက်ခိုက်မယ့် ပဋိပစ္စည်းတွေကိုလည်း အကူအညီပေးပါတယ်။
• ကန်စွန်းဥ ။ ဗီတာမင်အေ ကြွယ်ဝတဲ့ ကန်စွန်းဥကိုပြုတ်စားစား၊ ဖုတ်စားစား၊ မုန့်ပဲလုပ်စားစား အဆင်ပြေပါတယ်။ အကောင်းဆုံးက မီးဖုတ်စားတာပါပဲ။ ကန်စွန်းဥမီးဖုတ်တစ်လုံးစာဆို တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၅၀၀ ရာခိုင်နှုန်းထက်ကျော်ပါတယ်။
• ရေခဲမုန့် ။ ရေခဲမုန့်လေးစားရင်း ဗီတာမင်အေ ရမယ်ဆိုတော့ မိုက်တယ်မလား။ရေခဲမုန့်တစ်ခွက်မှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းပါနိုင်တယ်နော်
• ဖရုံသီးမုန့် ။ သရေစာမုန့်အနေနဲ့ဆို ဖရုံသီးနဲ့လုပ်တဲ့မုန့်ကိုရွေးပါ။ ရွှေဖရုံသီးမှာ ဗီတာမင်အေအဖြစ် ပြောင်းလဲပေးတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဘီတာကယ်ရိုတင်းကြွယ်ဝပါတယ်။
• မုန်လာဥနီ ။ မုန်လာဥနီစားရင် မျက်စိအားကောင်းတယ်ဆိုတာ ဗီတာမင်အေ ပါဝင်မှုကြောင့်ပါ။ ဒါ့ကြောင့် မုန်လာဥနီကိုဖျော်ရည်လုပ်သောက်တာ၊ကြော်စားတာ၊ ဟင်းရည်ထဲထည့်တာ၊ပြုတ်စားတာ၊ အစိမ်းစားတာ ကြိုက်တဲ့နည်းနဲ့စားပါ
• ဖြည့်စွက်စာ ။ တကယ်လို့အစားအသောက်ကနေအလုံအလောက်မရနိုင်ဘူး၊ ခန္ဓါကိုယ်ကလည်း လိုအပ်နေတယ်ဆို ဆရာဝန်ညွှန် ကြားချက်နဲ့ ဗီတာမင် အားဆေးသောက်လို့ရပါတယ်။ ဒါမှမဟုတ် ဗီတာမင်အေဖြည့်စွက်ထားတဲ့ကွေကာ၊နွားနို့၊ နို့မှုန့်စတဲ့ စားသောက် ကုန်တွေလည်းရှိပါတယ်။
သတိပြုရန် အချက်များ
ဗီတာမင်အေ ကို သဘာဝအစားအသောက်များမှ ရနိုင်သလို ဗီတာမင်အေ ဆေးသောက်သုံးခြင်းဖြင့် ရနိုင်ပါတယ်။ သို့သော် ဗီတာမင်အေ ဆေးသောက်သုံးမည်ဆိုရင် ဒါတွေကို သတိပြုရပါမယ် –
• တစ်နေ့ကို ၁၅၀၀ မိုက်ခရိုဂရမ်ထက် ပိုမစားသင့် ။
• ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ဗိုက်တာမင်အေ ပါသော အားဆေးများ မသုံးသင့် ။
• ဝက်ခြံကုသရာတွင် ဗိုက်တာမင်ဆေးနဲ့ ပိုးသတ်ဆေးများ စားနေရသူများတွင် ဗိုက်တာမင်အေ ပါသော အားဆေးများ မသောက်သင့်ပေ။
(Crd: OnDoctor နှင့် အစိမ်းရောင်လမ်း)
#PAN