(စီးပွားရေး) ဒီဇင်ဘာ ၁၄
ဆောက်လုပ်ရေးအိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID ဘဏ်) က ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာတွေရဲ့ လုပ်ငန်းလည်ပတ်မှုအတွက် ဆောက်လုပ်ရေး ချေးငွေ ထုတ်ချေး ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဆောက်လုပ်ရေးနဲ့အိမ်ရာလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခုလို ဆောက်လုပ်ရေး ချေးငွေကို ထုတ်ချေးပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆောက်လုပ်ရေးချေးငွေ လျှောက်ထား မယ်ဆိုပါက ချေးငွေလျှောက်လွှာ အပါအဝင် စာရင်းစစ်ဘဏ္ဍာရေးရှင်းတမ်း၊ စီမံခန့်ခွဲမှုဘဏ္ဍာရေးအစီရင်ခံစာ၊ ၃ နှစ်အခွန်ပြေစာ၊ ကုမ္ပဏီနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထား တွေ၊ အာမခံပစ္စည်းဓာတ်ပုံတွေနဲ့ တခြားဆက်စပ်စာရွက်စာတမ်း စတာတွေ တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းငယ်လေးများဟာ ဆောက်လုပ်ရေးလုပ်ငန်းချေးငွေကိုသာ ရရှိမယ်ဆိုရင် လုပ်ငန်းအတွက် အထောက်အကူပိုပြုနိုင်မှာဖြစ်သလို ဆောက်လုပ်ရေးလုပ်ငန်းငယ်လေးတွေ မပြိုလဲရေး ကို အထောက်အကူဖြစ်မည့်အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာတွေ့ရတဲ့ စိန်ခေါ်မှုအခက်အခဲတချို့ကို ဖြေရှင်း နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအိမ်ခြံမြေဈေးကွက်မှာတော့ အရောင်းဝယ်တွေ အေးနေတဲ့အတွက် အိမ်ခြံမြေနဲ့ ဆက်စပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကလည်း တုံ့ဆိုင်းနေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်း အသိုင်း အဝိုင်းကနေ သိရပါတယ်။
#PAN